၂၂. ၁၁. ၂၀၂၄
Written by Nyein Kyaw
ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ယခုနိုဝင်ဘာလအတွင်း ဗဟိုဘဏ်မှ ထိုင်းဘတ်များ ထုတ်ရောင်းပေးမှုမှာ နိုဝင်ဘာ ၄ ရက်တွင် သန်း ၁၀၀၊ နိုဝင်ဘာ ၅ ရက်တွင် သန်း ၂၀၊ နိုဝင်ဘာ ၇ ရက်တွင် ၂၁ သန်း၊ နိုဝင်ဘာ ၁၁ ရက်တွင် ၁၅ သန်း၊ နိုဝင်ဘာ ၁၂ ရက်တွင် ၁၄ ဒသမ ၅ သန်း၊ နိုဝင်ဘာ ၁၉ ရက်တွင် သန်း ၁၀၀ နှင့် နိုဝင်ဘာ ၂၁ ရက်တွင် သန်း ၅၀ ဖြင့် စုစုပေါင်း ခုနစ်ကြိမ်ထုတ်ရောင်းခဲ့မှုမှာ စုစုပေါင်းထိုင်းဘတ် ၃၂၀ ဒသမ ၅ သန်း ထုတ်ရောင်းပေးခဲ့ခြင်းသည်။ ထို့အတူ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာ ၉၄ သန်းကျော် ရောင်းချပေးထားပြီးဖြစ်သလို တရုတ်ယွမ် ၁၂ သန်း ထုတ်ရောင်းပေးထားပြီးဖြစ်သည်။
ပြီးခဲ့သည့် သုံးလကျော်အတွင်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့မှုကို လေ့လာကြည့်ပါက ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၀ ရက်အထိ သုံးလခွဲကျော်တွင် ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၅ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၄ သန်းကျော်အထိ ထုတ်ရောင်းပေးထားသည်။
ထို့ပြင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများရှိနေသော်လည်း ယခုနိုဝင်ဘာလအတွင်း ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာ ကျပ် ၄၄၅၀ မှ ကျပ် ၄၅၅၀ အတွင်းမှာဖြစ်ပေါ်ခဲ့ပြီး တည်ငြိမ်လျက်ရှိသည်။ ယနေ့တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ ကျပ် ၄၅၀၀၊ တစ်ဘတ် ၁၂၉ ကျပ်၊ တစ်ယွမ် ၆၂၂ ကျပ်ဖြစ်သည်။