၂၂.၁၁. ၂၀၂၄
Translated by Htwe Ko Tun
လာအိုနိုင်ငံတွင် အသက် ၂၈ နှစ်ရှိ ဗြိတိသျှရှေ့နေအမျိုးသမီးတစ်ဦးဖြစ်သော ဆိုင်မွန်ဝှိုက်က ကမ္ဘာလှည့် ခရီးသွားများသွားရောက်လည်ပတ်ကြရာ ဗန်ဗီယန်(Vang Vieng)မြို့တွင် သန့်ရှင်းမှုမရှိဟု ယူဆရသည့် အရက်များသောက်သုံးပြီးနောက် အဆိပ်သင့်မှုဖြစ်ကာ နိုဝင်ဘာလ ၂၁ ရက်တွင် သေဆုံးခဲ့ရာ ဗန်ဗီယန်မြို့ ၌ ဤသို့ အရက်အဆိပ်သင့်၍ သေဆုံးရသူ ကမ္ဘာလှည့် ခရီးသွား ငါးဦးရှိလာခဲ့ကြောင်း သိရသည်။
ယူနိုက်တစ်ကင်းဒမ်း နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါသေဆုံးမှုကို အတည်ပြုခဲ့ပြီး ဒေသခံအာဏာပိုင်များနှင့် ဆက်သွယ်မှုပြုကာ ဆိုင်မွန်ဝှိုက်၏ မိသားစုကိုလည်း အကူအညီပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဆိုင်မွန်ဝှိုက် အနေဖြင့် ဗန်ဗီယန်မြို့တွင် မီသနော ပါဝင်သောအရက်များသောက်သုံးရာမှ အဆိပ်သင့်ခဲ့ခြင်းဟု ယုံကြည်ရကြောင်းလည်း သိရသည်။
နိုဝင်ဘာလ ၂၁ ရက် နံနက်အစောပိုင်းကပင် ဩစတြေးလျနိုင်ငံမှ အသက် ၁၉ နှစ်ရှိ ဘီယန်ကာဂျုံးစ် အမည်ရှိ အမျိုးသမီးတစ်ဦးမှာလည်း အဆိပ်သင့်သေဆုံးခဲ့ရကြောင်း ၎င်း၏မိသားစုက အတည်ပြုခဲ့သည်။ ၎င်းမှာ နိုဝင်ဘာလ ၁၃ ရက်တွင် အဆိပ်သင့်မှုဖြစ်ပွားပြီးနောက် အိမ်နီးချင်းထိုင်းနိုင်ငံရှိ ဆေးရုံတစ်ရုံသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။
ဆရာဝန်များ၏စစ်ဆေးချက်များအရ မီသနောပါဝင်သည့် အရက်တုများသောက်သုံးရာမှ ခန္ဓာကိုယ်အတွင်း မီသနော ရှိနေမှုက များစွာမြင့်တက်ကာ ဦးနှောက်မှာဖူးယောင်နေခဲ့သည်ဟုလည်း သိရသည်။ ဂျုံးစ်၏ သူငယ်ချင်းဖြစ်သူမှာလည်း ထိုင်းနိုင်ငံဆေးရုံတွင် တင်ထားရကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးမှာ လာအိုနိုင်ငံ၊ ဗန်ဗီယန်မြို့၌ မီသနော ပါဝင်သောအရက်များ သောက်သုံးခဲ့ကြခြင်းဖြစ်သည်။
ဂျုံးစ်၏သေဆုံးမှုမတိုင်မီ နာရီပိုင်းအလိုကပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလည်း အမေရိကန်နိုင်ငံသားတစ်ဦး ဗန်ဗီယန်မြို့၌ပင်သေဆုံးခဲ့ရကြောင်း အတည်ပြုကြေညာခဲ့သည်။ ကြေညာချက်တွင် သေဆုံးရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းကလည်း အသက် ၁၉ နှစ်နှင့် ၂၀ နှစ် စီရှိကြသော နယ်သာလန်နိုင်ငံမှ အမျိုးသမီးနှစ်ဦးမှာလည်း ဗန်ဗီယန်မြို့ ၌ သေဆုံးခဲ့ရသေးသည်။ ရဲတပ်ဖွဲ့က ၎င်းတို့၏သေဆုံးရမှု ကို စုံစမ်းစစ်ဆေးနေသည်ဟုဆိုသော်လည်း အခြားသောကမ္ဘာလှည့်ခရီးသွားများ ဤမြို့၌ပင် အရက်အဆိပ်သင့်သေဆုံးမှုများဖြစ်လာခြင်းကြောင့် ၎င်းတို့မှာလည်း ထိုကဲ့သို့ မီသနော ပါဝင်သည့်အရက်တုများ သောက်သုံးမိခြင်းကြောင့်ဟု ယူဆဖွယ်ဖြစ်လာခဲ့သည်။
ဗန်ဗီယန်မြို့မှာ မြစ်ကမ်းနံဘေးရှိမြို့ငယ်လေးဖြစ်ပြီး လာအိုနိုင်ငံအလယ်ပိုင်းတွင် တည်ရှိကာ အနောက်နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွားလူငယ်များ လာရောက်လည်ပတ်ကြရာနေရာဖြစ်သည်။
နာမည်ကျော်တံဆိပ် အရက်များ၏ အတုအပများနှင့် အိမ်လုပ်အရက်များက လာအိုနိုင်ငံတွင် သောက်သုံးသူများအတွက် အန္တရာယ်ရှိနေရပြီး ဩစတြေးလျနှင့် ဗြိတိန် အစိုးရများက ၎င်းတို့၏နိုင်ငံသားများအား လာအိုနိုင်ငံသို့ သွားရောက်လည်ပတ်ရာတွင် အရက်သောက်သုံးရာ၌ သတိပြုကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။
Ref- Bangkok Post