◾️ နေပြည်တော်အပါအဝင် ကျိုင်းတုံ၊ ပင်လုံ၊ မြိတ်၊ ထားဝယ်နှင့် မအူပင်မြို့တို့ရှိ Polytechnic University ခြောက်ခုကို ယနေ့တွင် တစ်ပြိုင်နက်တည်းဖွင့်လှစ်
၂၁. ၁၁. ၂၀၂၄
Written by Nyein Kyaw
Naypyitaw State Polytechnic University ကို ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်များနည်းတူ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး တိုးချဲ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် နိုင်ငံတော်က အားထားရသည့် အင်ဂျင်နီယာ၊ ဗိသုကာနှင့် ကွန်ပျူတာပညာရှင်များကို အရည်အချင်းပြည့်မီစွာ မွေးထုတ်ပေးနိုင်ရန်အတွက် Naypyitaw State Polytechnic University & Polytechnic University နှင့် နည်းပညာတက္ကသိုလ် (၂၇)ခု၊ ကွန်ပျူတာတက္ကသိုလ်(၁၉)ခု၊ မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာတက္ကသိုလ်(၁)ခု၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်(၁)ခု၊ စုစုပေါင်း အင်ဂျင်နီယာပညာရပ် သင်ကြားပို့ချပေးသည့် တက္ကသိုလ်(၅၆)ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယနေ့ ဖွင့်လှစ်သည့် Naypyitaw State Polytechnic University နှင့်အတူ Polytechnic University (၅)ခုကို ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့တွင် ယနေ့ တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်ကို တစ်ပါတည်းပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
Naypyitaw State Polytechnic University ကို ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်များနည်းတူ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး တိုးချဲ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အင်ဂျင်နီယာ အထူးပြုဘာသာရပ်ဌာန ၇ ခု၊ ကွန်ပျူတာအထူးပြုဘာသာရပ်ဌာန ၄ ခု၊ အခြားအထောက်အကူပြုဘာသာရပ်ဌာန ၅ ခု၊ သင်ကြားရေးဌာန စုစုပေါင်း ၁၆ ခုဖြင့် ပြည့်စုံအောင် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
Polytechnic University ဆိုသည်မှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ ပညာရပ်နှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်းများအထိ လက်တွေ့ကျကျ လေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြားပို့ချပေးသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။
ကျောင်းသားများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် လက်တွေ့ကျသည့် ပညာရေးကို သင်ကြားပို့ချပေးခြင်း၊ ခေတ်မီနည်းပညာနှင့် သုတေသနဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်တွင် လိုအပ်သည့်ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းလိုအပ်ချက်ကိုက်ညီပြီး ကောင်းစွာကျွမ်းကျင် တတ်မြောက်သည့်ဘွဲ့ရများ မွေးထုတ်ပေးခြင်း၊ စက်မှု လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရသည့် Real World Project များ ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းနှင့် လုပ်ငန်းခွင်အတွေ့အကြုံ ရရှိနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ပိုလီတက္ကနစ်တက္ကသိုလ်များကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် Polytechnic University များသည် ဘာသာရပ်နယ်ပယ်စုံလင်စွာ ပေါင်းစည်းပို့ချသည့် နေရာတစ်ခုဖြစ်ပြီး ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန် သင်တန်းများ၊ သုတေသနလုပ်ငန်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူနိုင်သည့် နေရာတစ်ခုဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။