၂၁.၁၁.၂၀၂၄
Written By Thandar
ရိုမန့်၊ ဟာသဇာတ်လမ်းပုံစံ “မောင့်ဆိုမီယာ” ရုပ်ရှင်ဇာတ်ကားကြီး Cele Show ပွဲကို နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီခွဲက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် Kantharyar Shopping Mall ရှိ Rangoon Cineplex ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ ဒီဇာတ်ကားကို မြင့်မြတ်ကလည်း အကောင်းဆုံး ကြိုးစားပြီးတော့ လူအယောက် ၁၀၀ နဲ့ သေချာအကပိုင်းတွေကို တိုက်ပြီးမှ ပြင်ဆင်ရိုက်ကူးခဲ့တာပါ။ တကယ်လည်း သူက အကတွေမှာ လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဇာတ်ကားအတွက် Location တွေ၊ ရိုက်ကွင်းနေရာ အစအဆုံး အသေးစိတ်ပြင်ဆင်ပြီးတော့ ဟိန္ဒူဘာသာဝင် တတ်သိ နားလည်သူကို ခေါ်ယူပြီး ရိုက်ကူးခဲ့တာပါ။ အမှားတွေနည်းအောင် အသေးစိတ်ကို ပြင်ဆင်ခဲ့ရတာပါ။ ဇာတ်ကားလေးက ပရိသတ်တွေပျော်ရွှင်ကြည်နူးမှု ရသတွေ ခံစားရမယ်လို့ မျှော်လင့်ပါတယ်” လို့ ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်က MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားကိုတော့ ဒါရိုက်တာဝင်းလွင်ထက် ဇနီးမောင်နှံ၊ အောင်ရေချမ်း၊ ဖြိုးလေး၊ ဝါဆိုမိုးဦး၊ Ashwarya Kumar ၊ ချာလီ၊ ဒီး၊ Dancer ကိုဇော်ထိုက်၊ ဇွဲ၊ ဆွိ စတဲ့သူတွေက India Dress တွေဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပါတယ်။
ခတ္တိယထုတ်လုပ်ရေးရဲ့ ဒီဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင် ရေးသားပြီး ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်က သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်၊ အကယ်ဒမီ ရန်အောင်၊ ဟန်ဇာမိုးဝင်း၊ ဂျိုကာ၊ Ashwarya Kumar၊ ခရစ္စတီးနား၊ မှူးထိပ်ထား၊ ဆွိ၊ အရိုင်း၊ ကေညီ၊ ကောင်းဈာန်ဟိန်း၊ ဇွဲ၊ အောင်ကိုမိုး၊ အင်ကြင်းဖူး၊Essential Crews & Other Dancer Group၊ ဧည့်သည် သရုပ်ဆောင် မေမီကိုကို စတဲ့ သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားပါတယ်။
သားသမီးနဲ့ မိဘကြား ချစ်ခြင်းမေတ္တာရယ်၊ ကောင်လေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပျော်ရွှင်စရာ ဇာတ်လမ်းလေးအဖြစ် ပုံဖော်ထားတာလည်းဖြစ်ပါတယ်။
“မောင့် ဆိုမီယာ” ရုပ်ရှင်ဇာတ်ကားကြီးကို အခုနိုဝင်ဘာလအတွင်း မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ မကြာမီ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။