၂၁. ၁၁. ၂၀၂၄
Translated by Thettant
ဂါဇာကမ်းမြှောင်ဒေသမှာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC)က ဒီနေ့မှာ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ကနဦးသတင်း ဖော်ပြလာပါတယ်။
ဂါဇာက စစ်ရာဇ၀တ်မှုတွေကြောင့် ဖမ်းဝရမ်းထုတ်ခံရမှုမှာ နေတန်ယာဟုအပြင် ကာကွယ်ရေးဝန်ကြီးဟောင်း ယောဗ်ဂဲလန့် တို့ကိုပါ ICC က ဒီကြာသပတေးနေ့မှာ ဖမ်းဝရမ်းထုတ်လိုက်တာပါ။
ဖမ်းဝရမ်းက ကျုးလွန်တယ်လို့ပြောထားတဲ့ စွဲချက်ရဲ့ ကာလအပိုင်းအခြားကို အနည်းဆုံး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်ကနေ အနည်းဆုံး ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်နေ့အတွင်းမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေကြောင့် ဖမ်းဝရမ်းထုတ်ခဲ့တာလို့လည်း Politico က ဖော်ပြခဲ့ပါတယ်။
ဒီဖြစ်စဥ်က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးနိုင်ငံအပေါ် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်က တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဟားမတ်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးပမ်းတာမှာ ဂါဇာကမ်းမြောင်ဒေသက လူပေါင်းသောင်းနဲ့ချီ သေဆုံးခဲ့တဲ့ဖြစ်စဥ်တွေကြောင့်ပါ။
ဒီ ဖမ်းဝရမ်းကြောင့် နေတန်ယာဟုနဲ့ ဂဲလန့်တို့ဟာ ICC အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၀ က ဘယ်နိုင်ငံကိုပဲ ခရီးသွားသွား ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်လည်း ရှိနေတယ်လို့ သိရပါတယ်။