
ဖြိုးဝေ
၂၁. ၁၁. ၂၀၂၄
စပါးစိုက်ဧကတွေ ပျက်စီးမှုများပြီး ပြည်ပတင်ပို့မှုတွေလည်း ဒီလပိုင်းထဲများနေပေမဲ့ ဘင်္ဂလားဒေ့ရှ်ကို G to G စနစ်နဲ့ ဆန်တန်ချိန် ၂ သိန်း တင်ပို့ဦးမယ်ဆိုတဲ့ ရက်သတ္တပတ်မှာပဲ တရုတ်နိုင်ငံကလည်း မြန်မာ့နာနတ်သီးကို တင်ပို့နိုင်ပြီကြေညာလာပါတယ်။
အခြားတစ်ဖက်မှာလည်း ကမ္ဘာစစ်မီးပူလာတာကြောင့် တခြားနိုင်ငံတွေက Food Security အတွက် စားနပ်ရိက္ခာစုနေချိန်မှာ မြန်မာပြည်က ပဲမျိုးစုံဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းဟာ စျေးကောင်းရတယ်ဆိုပြီး တင်ပို့လိုက်တာကြောင့် ပြည်တွင်းလက်ကျန်မရှိသလောက်နည်းသွားလို့ ထပ်မတင်ပို့နိုင်တော့တဲ့ အခြေအနေတွေ၊ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးပဋိပက္ခဒဏ်တွေကို အရင်းအမြစ်နည်းတဲ့ လယ်သမားတွေက နှစ်ဆရင်ဆိုင်နေရတယ်ဆိုတဲ့ဖြစ်စဥ်တွေ၊ ပုလဲအတွဲ ၂၈၀၊ ကျောက်မျက်အတွဲ ၁၆၀ နဲ့ ကျောက်စိမ်းအတွဲ ၄၈၀၀ ရောင်းချမဲ့ ကျောက်မျက် ရတနာပြပွဲမှာ ဗဟိုဘဏ်လက်ခံထားတဲ့ငွေကြေးအားလုံးနဲ့ ရောင်းချမယ်ဆိုတာတွေ၊ တရုတ်ဘက်ကရော မြန်မာပြည်မဘက်ကပါ ပိတ်ဆို့ထားတဲ့အပြင် လက်နက်ကိုင်တွေကပါ မိုင်းထောင်ထားတာကြောင့် မူဆယ်ဒေသခံတွေ ကုန်စျေးနှုန်း ကြီးမြင့်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေတွေ ရှိနေပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ဒစ်ဂျစ်တယ်ငွေကြေးအပေါ် ယုံကြည်မှုမပျက်စေဖို့ လိမ်လည်မှုတွေ ထိန်းကျောင်းမယ်ဆိုတဲ့ အခြေအနေတွေအကြောင်း၊ မဝင်သလောက်ကျဆင်းလာတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအကြောင်းနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ထက် အကြမ်းဖက်ဖျက်ဆီးခံရမှုတွေမှာ ပြန်သုံးနေရတဲ့ ငွေကြေးတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။
ယုံကြည်မှုမပျက်စေဖို့ လိမ်လည်မှုထိန်းကျောင်းရမဲ့ ဒစ်ဂျစ်တယ်ငွေကြေး
ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် ငွေကြေးရိုက်ထုတ်စရာမလိုဘဲ Mobile Banking တွေ Pay တွေ သုံးစွဲမှုများပြားလာတာနဲ့အမျှ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုတွေလည်း များပြားလာပေမဲ့ ဒီလိုမျိုးလိမ်လည်ခံရတာကို ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေက ရဲစခန်းလွှတ်၊ ရဲစခန်းက ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေ ပြန်လွှတ်ဖြစ်နေလို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ် (၂၂/၂၀၂၃) နဲ့ ရဲစခန်းတွေ ဘဏ်တွေ ငွေကြေးဝန်ဆောင်မှုပေးသူတွေ မဖြစ်မနေလုပ်ဆောင်ရမဲ့ စံလုပ်ငန်းဆိုင်ရာလမ်းညွှန်ချက် ထုတ်ပြန်ထားတာ တစ်နှစ်ကျော်ကြာပေမဲ့ လိမ်လည်မှုတွေကတော့ ပုံစံအမျိုးမျိုးနဲ့ ဆက်ဖြစ်နေတုန်းဖြစ်သလို သုံးစွဲသူပြည်သူတွေက နစ်နာနေဆဲပါ။
စံလမ်းညွှန်ချက်ကြောင့် ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေ၊ ရဲစခန်းတွေဟာ Mobile Banking တွေ Pay တွေ လိမ်လည်ခံရလို့ ဆက်သွယ်တိုင်ကြားလာရင် အရင်ကလို ဘောလီဘောပုတ်မရတော့ဘဲ ငွေလိမ်ခံရပြီဆိုတာနဲ့ ဗဟိုဘဏ်ညွှန်ကြားစာအရ လိမ်လည်ခံရသူဟာ သက်ဆိုင်ရာ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးတဲ့ ဘဏ်၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု ပေးတဲ့အဖွဲအစည်းကို ချက်ချင်းဆက်သွယ် အကြောင်းကြားပြီး လိုအပ်တဲ့အချက်အလက်တွေ၊ လိမ်လည်ခံရတဲ့ဖြစ်စဥ်တွေ ပြောကြားပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ သွားရောက်အမှုဖွင့်ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာနယ်မြေရဲစခန်းဟာ ချက်ချင်း အမှုဖွင့်လှစ်ဆောင်ရွက်ပေးရမှာဖြစ်ပြီးတော့ အမှုဖွင့်လှစ်ပြီးတာနဲ့ သက်ဆိုင်ရာဘဏ်နဲ့ မိုဘိုင်းငွေရေး ကြေးရေးဝန်ဆောင်မှုပေးတဲ့အဖွဲအစည်းကို ငွေလိမ်ခံရမှုတိုင်ကြားလာလို့ အမှုဖွင့်လှစ်ထားတယ်ဆိုတာကို အကြောင်းကြားရမှာဖြစ်ပါတယ်။ ဒီလိုမျိုး ရဲစခန်းက အကြောင်းကြားလာချိန်မှာ ဘဏ်နဲ့ ဝန်ဆောင်မှုပေးတဲ့အဖွဲ့အစည်းက မှန်ကန်မှုရှိမရှိ ချက်ချင်းစစ်ဆေးပေးပြီး မှန်ကန်တယ်ဆိုရင် ချက်ချင်းအကြောင်းကြားရမှာပါ။ ပြီးရင် လိမ်လည်တယ်လို့ သံသယရှိသူနဲ့ဆက်နွှယ်တဲ့သူတွေရဲ့ငွေစာရင်းတွေကို ယာယီတားဆီးတာကို ဘဏ်တွေ ငွေကြေးဝန်ဆောင်မှုပေးသူတွေက ၇၂ နာရီကြာ ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ စာရင်းယာယီတားဆီးထားတဲ့ ၇၂ နာရီ နောက်ပိုင်းကစ အမှုရဲ့ စုံစမ်းစစ်ဆေး ပေါ်ပေါက်ချက်၊ ထပ်မံသိရှိရတဲ့ အချက်အလက်အပေါ်မူတည်ပြီး လိုအပ်ရင် အမှုပြီးပြတ်တဲ့အထိ ဆက်လက်ဆောင်ရွက်ဖို့၊ လိမ်လည်ခံရသူက ရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ သက်ဆိုင်ရာရဲစခန်းက အကြောင်းကြားမလာရင် ယာယီတားဆီးတဲ့ ငွေစာရင်းတွေကို ၇၂ နာရီ နောက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ပေးဖို့ ညွှန်ကြားလိုက်တာဖြစ်လို့ ဒီလိုမျိုး စနစ်တကျလမ်းညွှန်ချက်ထုတ်ထားပေမဲ့လည်း တကယ်မလုပ်တာကြောင့် လက်တွေ့မှာတော့ လိမ်လည်မှုကျမသွားဘဲ ပြည်သူတွေကြားမှာ ကိုယ့် Pay ထဲကငွေတွေ ဆုံးရှုံးမှူအပေါ် တာဝန်ယူ တာဝန်ခံသူမရှိတဲ့အခြေအနေ ဆက်ဖြစ်နေတာလည်း မကြာခဏတွေ့မြင်နေရတာပါ။
လက်ရှိမှာတော့ ဒီလိုမျိုး ဒစ်ဂျစ်တယ်ငွေပေးချေမှုအပေါ် ယုံကြည်မှုမပျက်ပြားစေဖို့ လိမ်လည်မှုဖြစ်စဉ်တွေကို သုံးသပ်ပြီး ကြပ်မတ်ထိန်းကျောင်းနိုင်ရေးအတွက် မူဝါဒချမှတ်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောလာတာကို တွေ့ရပါတယ်။ နည်းပညာ အားကောင်းလာတာနဲ့အမျှ နည်းပညာ အသုံးပြု လိမ်လည်မှုပုံစံတွေက OTP၊ SMS တွေကို Hack ပြီး Application အတုတွေ၊ Link အတုတွေကို Payment Link တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပြီး ငွေကြေးလိမ်လည်တာ ဒီလိုအခြေအနေတွေကြောင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေအနေနဲ့ လက်ရှိလုံခြုံရေးစနစ်တွေ ပြန်လည်စိစစ်သုံးသပ်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့လည်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့တာ တွေ့ရပါသေးတယ်။
လူထုကြားက ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှုဖြစ်စဥ်တွေကို ကြည့်ရှုမယ်ဆိုရင် ဒီလုပ်ငန်းစဥ်တွေကို ကျွမ်းကျွမ်းကျင်ကျင် သိရှိထားသူတွေက လုပ်ဆောင်နေတယ်ဆိုတဲ့ ယူဆမှုမြင်ရပြီး ဒီလိုမျိုး လုပ်နေသူတွေကလည်း ဘဏ်တွေ၊ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေကနေ CDM လုပ်ထားသူတွေပါဝင်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။ ဘဏ်တွေ၊ Pay တွေဘက်က လုံခြုံရေးဆိုင်ရာ အားနည်းသလို ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်ခံရမှုဖြစ်စဥ်တွေဟာ မရိုးရှင်းတာ မကြာခဏမြင်နေရလို့ လူထုက ဒစ်ဂျစ်တယ်ငွေကြေးအပေါ် ယုံကြည်မှုအပြည့်နဲ့ ဆက်သုံးစေချင်တယ်ဆိုရင် ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုပေးသူတွေရဲ့ တာဝန်ယူ၊ တာဝန်ခံမှုမြှင့်တင်ဖို့လိုအပ်မှာပါ။ ဥပမာအားဖြင့် Pay တွေကို လိမ်လည်သူတွေဟာ ချက်ချင်းလက်ငင်း သိန်းရာချီကို လိမ်ထုတ်ရင် Transactions အဆင့်ဆင့်နဲ့ ထုတ်ကြတာမျိုးဖြစ်လို့ ငွေလိမ်ခံရကြောင်း အကြောင်းကြားလာတာနဲ့ ဒီ Transactions တွေ ချက်ချင်းပိတ်တာ၊ မပိတ်ရင် မပိတ်တဲ့ဘဏ်တွေ ငွေကြေးအဖွဲ့အစည်းတွေက စိုက်ထုတ်လျော်စေရမဲ့ တာဝန်ယူမှုလုပ်ခိုင်းတာ၊ အရေးကြီးတဲ့ ဒစ်ဂျစ်တယ်ငွေကြေး ဖွင့်ထားတဲ့ Pay ဖုန်းနံပါတ်ကို ဘဏ်တွေမှာပဲ လျှောက်လွှာတင် ပြောင်းခွင့်ပြုပြီး အဲဒီလိုလာမပြောင်းဘဲ ဖုန်းတွေ ကွန်ပျုတာတွေကနေ ပြောင်းသွားလို့ ငွေထုတ်သွားရင် ဝန်ထမ်းမသမာမှုပါ ရှိနေသလား စိစစ်တာမျိုးတွေနဲ့ ကိုယ်ရေးအချက်အလက်နဲ့ OTP လိမ်ယူသွားတယ်ဆိုလည်း တိုင်ကြားလာတာနဲ့ Transactions အကုန်ပိတ်တာမျိုး လုပ်ဆောင်ခိုင်းသင့်တာပါ။ ကမ္ဘာ့နိုင်ငံတိုင်းဟာ ဒစ်ဂျစ်တယ်ငွေကြေးအဓိကသုံးတဲ့ Cashless System အောင်မြင်နေချိန်မှာ မြန်မာနိုင်ငံကြမှ ဒစ်ဂျစ်တယ်ငွေကြေးကို သုံးစွဲသူတွေ ယုံကြည်မှုကျဆင်းမှာ ကြောက်နေရတယ်ဆိုတာကိုက တာဝန်ယူ၊ တာဝန်ခံရမဲ့ ဘဏ်တွေ၊ Pay တွေ၊ ငွေကြေးအဖွဲ့အစည်းတွေက တာဝန်မဲ့နေကြလို့ပါ။ ဒစ်ဂျစ်တယ်ငွေကြေးအသုံးပြုသူတွေရဲ့ Pay တွေ Mobile Banking ထဲက ငွေကြေးတွေကလည်း ယုံကြည်စွာအပ်နှံထားတဲ့ ငွေကြေးဖြစ်လို့ ဒီငွေကြေးတွေ ဆုံးရှုံးမှုတိုင်းကို ဘဏ်တွေ၊ Pay တွေ၊ ငွေကြေးအဖွဲ့အစည်းတွေက တာဝန်ခံရမယ်ဆိုတာနဲ့ ဒစ်ဂျစ်တယ်ငွေကြေးစနစ်က အဆင့်မြင့်လာပါလိမ့်မယ်။ သေချာတာကတော့ ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်ခံရမှုကို ဘဏ်တွေ၊ Pay တွေ၊ ငွေကြေးအဖွဲ့အစည်းတွေက တာဝန်ယူစရာမလိုဘဲ ခေါင်းဆက်ရှောင်ခွင့်ပေးထားသရွေ့တော့ စဥ်ဆက်မပြတ် အဆင့်မြှင့်တင်မှုတွေ လုပ်ကြမှာမဟုတ်ဘဲ လူလိမ်တွေက တစ်ပန်းသာပြီး ပြည်သူတွေက နစ်နာပြီးရင်း နစ်နာ ဆက်ဖြစ်နေမှာပါ။ ဒီလိုသာနစ်နာမှုဆက်ဖြစ်နေရင်တော့ ဒစ်ဂျစ်တယ်ငွေကြေးအပေါ် ယုံကြည်မှုပျက်ပြားတာလည်း ဆက်ဖြစ်နေမှာပါ။ ဒစ်ဂျစ်တယ်ငွေကြေးအပေါ် ယုံကြည်မှုပျက်ပြားနေသရွေ့လည်း ငွေစက္ကူရိုက်ထုတ်နေရပြီး လူတွေကြား ငွေအထုပ်လိုက် သယ်ဆောင်သိုလှောင်ရောင်းဝယ်မှုတွေ ဆက်ဖြစ်နေပြီး Cashless Society ဟာ ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေမှာ အသေအချာပါ။
မဝင်သလောက်ကျဆင်းလာတဲ့ FDI
ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ၈ ဘီလျံ၊ ၉ ဘီလျံလောက်အထိ အမြင့်ဆုံး ဝင်ခဲ့ရာက NLD အစိုးရဟောင်းလက်ထက် ၂၀၁၇ ဘင်္ဂါလီပြဿနာကို မြန်မာ့နယ်စပ်အရေးဆိုတဲ့ပုံစံထက် ကမ္ဘာ့လူ့အခွင့်အရေးအသွင် ဆွဲသွင်းခဲ့ရာမှာ တဖြည်းဖြည်းကျဆင်းလာတဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍဟာ ၂၀၂၁ အရေးအခင်းမှာတော့ အလုံးစုံပျက်သုဉ်းစေချင်သူတွေက တာဝန်ယူ၊ တာဝန်ခံတဲ့လုပ်ငန်းတွေ မြန်မာပြည်တွင်းက မထွက်ထွက်အောင် ဖိအားပေးတာ၊ အမေရိကန်ပိတ်ဆို့တာ၊ တရုတ်ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေကို NLD ၊ NUG နဲ့ PDF တွေ တိုက်ခိုက်ဖျက်ဆီးတာကြောင့် အခု ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ခုနစ်လမှာဆို FDI ရင်းနှီးမြှုပ်နှံမှုကဏ္ဍဟာ ဒေါ်လာ ၂၂၆ သန်းလောက်သာ ဝင်တော့တဲ့အထိ ဆိုးဆိုးရွားရွားကျဆင်းသွားပါတယ်။
SAC အစိုးရတက်လာပြီးနောက်ပိုင်းမှာ NLD၊ CRPH နဲ့ NUG ၊ EAOs တွေ အလုပ်သမားအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုတွေ၊ မီးရှို့ဆန္ဒပြမှုတွေ၊ ပိတ်ဆို့မှုတွေကြောင့် FDI ဝင်ရောက်မှုက NLD အစိုးရဟောင်းလက်ထက် ဆက်တိုက်ကျဆင်းလို့ တစ်နှစ် ဒေါ်လာ ၅ ဘီလျံကျော်ပဲဝင်တာထက်တောင် အခြေအနေဆိုးသွားပြီး SAC အစိုးရလက်ထက်မှာ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်ပါထည့်တွက်မှ လက်ရှိကာလအထိ ဒေါ်လာ ၇ ဘီလျံမပြည့်တော့တဲ့ အဆင့်ပါ။
ဒီနေရာမှာ NLD၊ CRPH နဲ့ NUG ၊ EAOs တွေ အလုပ်သမားအဖွဲ့အစည်းတွေက ငါတို့တိုက်ခိုက်နိုင်လို့ FDI တွေ ကျသွားပြီဆိုပြီး ဂုဏ်ယူနေနိုင်သူတွေ ရှိပေမဲ့လည်း နာမည်ပျက်တွေနဲ့ ရှေ့ဆက်နေရမှာက အစိုးရတစ်ရပ်မဟုတ်ဘဲ မြန်မာနိုင်ငံဖြစ်ခဲ့ရပြီဆိုတဲ့ ပုံရိပ်ပါ။ အစိုးရတစ်ရပ်ဟာ တစ်ချိန်မှာတော့ တာဝန်ကို စွန့်ခွာရမှာဖြစ်ပြီး အမြဲတမ်းရှိနေမဲ့ မြန်မာနိုင်ငံကတော့ ဒီနိုင်ငံက လူတွေက FDI တွေကို တိုက်ခိုက်ဖျက်ဆီး ဆန္ဒပြဖို့ပဲသိတာ။ အာဏာသိမ်းရင်တောင် စီးပွားရေးလုပ်ငန်းတွေ ရန်မရှာတဲ့ ထိုင်းလိုနိုင်ငံမျိုးပဲ မြှုပ်နှံကြဆိုတာမျိုး၊ ဘင်္ဂလားဒေ့ရှ်တို့၊ ဗီယက်နမ်တို့ သွားပါဆိုတာမျိုးနဲ့ ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေကြားမှာ အသိဉာဏ်မဲ့ အဖျက်အမှောင့်သမားတွေကြောင့် မြန်မာက နာမည်ပျက်ရပြီး ဒီလိုမျိုးပျက်သွားတဲ့ နာမည်ကောင်းဟာ လူထုလိုလားသူဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အာဏာရချိန်မှာတောင် FDI ကျဆင်း၊ အမေရိကန်ကတောင် လာမမြှုပ်နှံတာတွေ သင်ခန်းစာယူချိန်တန်ချေပြီလို့ပဲ အသိပေးရမှာဖြစ်သလို အခု FDI ကျဆင်းမှုကလည်း မြန်မာပြည်က အလုပ်သမားထုပဲ အငတ်ဘေးထပ်ဆိုက်ဦးမှာ အသေအချာပါ။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ထက် အကြမ်းဖက်ဖျက်ဆီးခံရမှုတွေမှာ ပြန်သုံးနေရတဲ့ ငွေကြေး
နှစ်စဥ်ဘတ်ဂျက်ဘီလျံ ၄၀၀၀၀ လောက် သုံးစွဲလာရတဲ့ ဒီနိုင်ငံမှာ ဒီဘတ်ဂျက်တွေဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ထက် အကြမ်းဖက်သမားတွေ ဖျက်ဆီးတာတွေ ပြုပြင်ရတာနဲ့တင် ကုန်ကျနေတာဟာ ဝမ်းနည်းဖို့ကောင်းတယ်လို့ SAC အစိုးရ ထုတ်ဖော်ပြောကြားလာတာ တွေ့ရပါတယ်။
PDF တွေဟာ “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင် လုပ်ဆောင်သူ” ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုကြောင့် ရဟန်း/ သံဃာ ၇၇ ပါးနဲ့ သီလရှင် ၂ ပါးပျံလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၅,၆၇၇ ဦးအပြင် နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦး စုစုပေါင်း ၆,၈၈၀ ဦး သေဆုံးခဲ့သလို ဒီကာလအတွင်း “အလုံးစုံပျက်သုဥ်းရေး” ခေါင်းစဥ်အောက်မှာ အုပ်ချုပ်လို့မရစေရ ကြွေးကြော်ပြီး အကြမ်းဖက်ဖျက်ဆီးမှုကလည်း ဆက်သွယ်ရေး/လျှပ်စစ် တာဝါတိုင် ၅၅၉ ခု အပါအဝင် ကျန်းမာရေးအဆောက်အဦ ၅၃ လုံး၊ ဘာသာရေးအဆောက်အဦ ၆၆ လုံး၊ လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၁၄၈၇ ခု၊ စာသင်ကျောင်း/ ပညာရေး အဆောက်အဦ ၆၇၀ လုံးအပါအဝင် လူနေအိမ်များစွာ၊ အခြားအဆောက်အဦ များစွာ ဖျက်ဆီးခဲ့ကြပါတယ်။
ဒီလိုမျိုး ဖျက်ဆီးခဲ့တာတွေဟာ အစိုးရကို တိုက်ခိုက်မှုခေါင်းစဉ်အောက်က လုပ်ဆောင်ပေမဲ့ တကယ်တမ်းနစ်နာရတာကတော့ နိုင်ငံနဲ့ ပြည်သူပါပဲ။ ဒီလိုမျိုး တိုက်ခိုက်ဖျက်ဆီးတာတွေကို ပြန်လည်တည်ဆောက်တဲ့အခါမှာ နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ သုံးစွဲရမယ့် ငွေကြေးတွေဟာ ဖျက်ဆီးခံရတာတွေ ပြုပြင်လိုက်၊ ပြန်ဖျက်ခံရလိုက်အောက်မှာ နိုင်ငံနဲ့ ပြည်သူက မိအေးနှစ်ခါနာရပြန်ပါတယ်။ ပိုဆိုးတာက ဖျက်ဆီးလို့ ပြုပြင်သူတွေကို ထပ်ပြီး ချောင်းမြောင်းတိုက်ခိုက်သတ်ဖြတ်ကြသေးတာကြောင့် ဖျက်ဆီးမှုတစ်ခုတိုင်းကို အရေးပေါ်မဖြစ်မနေပြင်ရတဲ့အခါ လုံခြုံရေးစရိတ်ပါ ဆင့်ကဲပေါင်းလို့ အသစ်တည်ဆောက်တာထက်တောင် ကုန်ကျစရိတ်များတတ်ပါသေးတယ်။
ဒီနေရာမှာ ဖျက်ဆီးသူတွေ နားလည်တတ်ဖို့ကတော့အစိုးရတာဝန်ယူထားသူတွေဟာ အိတ်စိုက်လုပ်ဆောင်တာမဟုတ်ဘဲ နိုင်ငံပိုင်နဲ့ ပြည်သူတွေဆီက ကောက်ခံထားတဲ့ ငွေကြေးတွေနဲ့ပဲ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ကြရတာပါ။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ အဂတိမှုရှိရင် မတိုးတက်သလို၊ ဖျက်ဆီးတိုက်ခိုက်မှုရှိရင် ပိုပြီး မတိုးတက်ဘူးဆိုတာကလည်း NLD အစိုးရဟောင်းလက်ထက် ARSA အရေးအခင်းနဲ့တင် မြင်သာပြီး မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဒီနှစ်ခုက ဆွဲချသွားခဲ့တာပါ။ လက်ရှိကာလမှာဆိုရင် ARSA လို တစ်ဖွဲ့တည်းတောင် မဟုတ်ဘဲ အဖွဲ့အစည်းထောင်ချီက သူတို့မနှစ်သက်တဲ့ အစိုးရပြုတ်ကျဖို့နဲ့ အလုံးစုံပျက်သုဉ်းရေး ရည်မှန်းချက်မှာ ဘက်စုံဖျက်ဆီးတိုက်ခိုက်နေတာကြောင့် ပြည်သူ့ဆီက ဘတ်ဂျတ်ဟာ ဖျက်ဆီးခံနေရတဲ့နေရာမှာ ပြန်ပြန်သုံးနေရပြီး နိုင်ငံလည်း ဆုတ်ယုတ်၊ ပြည်သူလည်း ကုန်စျေးနှုန်းကြီးရတဲ့အထဲ အခွန်အခဖိစီးမှုကို ပိုခံရတော့တာပါ။ သေချာတာကတော့ ကိုယ်မနှစ်သက်တဲ့အစိုးရတစ်ရပ်ကို ဖြုတ်ချချင်လို့ နိုင်ငံနဲ့ ပြည်သူပိုင်ပစ္စည်းဥစ္စာတွေ ဖျက်ဆီးတာက ပြည်သူပဲ မိအေးနှစ်ခါနာရုံကလွဲလို့ အဖြေထွက်မလာဘူးဆိုတာကို ထိုင်းလို အကြိမ် ၂၀ လောက် အာဏာသိမ်းတဲ့နိုင်ငံမှာ နိုင်ငံပိုင်ပစ္စည်းဥစ္စာတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုက်ခိုက်ဖျက်ဆီးဖို့ မလုပ်လို့ တိုးတက်နေတာကို တစ်ခုခုဆိုတာနဲ့ ဖျက်ဆီးမယ်ဆိုပြီး လုပ်တတ်တဲ့ မြန်မာနိုင်ငံသားတွေကိုယ်တိုင် တွေးဆမြင်တတ်သင့်ချိန်ဟာ ကျော်လွန်လာပြီဆိုတာ သုံးသပ်မိရင်း ဖျက်ဆီးခြင်းတွေ ရပ်ကြပါတော့ တောင်းဆိုရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။