၂၁.၁၁.၂ဝ၂၄
Written by K Pyay Thein
KIA ဖော်ဆောင်တဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်၊ ပူတာအိုဒေသမှာ အင်တာနက်လိုင်းတွေ ယနေ့အထိပြတ်တောက်နေပြီး Star link ဝိုင်ဖိုင်လိုင်းရှိရာနေရာတွေမှာသာ တစ်နာရီကို ၅ဝဝဝ၊ ၁ဝဝဝဝ ပေးပြီး ဒေသခံတွေက အင်တာနက်အသုံးပြုနေရတယ်လို့ သိရပါတယ်။
“တစ်နာရီ ၁ဝဝဝဝ စနစ်နဲ့ Wifi သုံးနေရတယ်။ ဒီမှာက မိုဘိုင်းအင်တာနက်လိုင်းတွေလည်း လုံးလုံးမရဘူးလေ။ အင်တာနက်မရတာ အတော်ကြာပါပြီ။ နယ်မြေဒေသ အခြေအနေလည်းမကောင်းသလို၊ လမ်းပန်းဆက်သွယ်ရေးလည်းမကောင်းပါဘူး။ တိုက်ပွဲတွေက ဒီဘက်ဒေသတွေမှာလည်းရှိနေတယ်”လို့ အမည်မဖော်လိုသူ ပူတာအိုဒေသခံတစ်ဦးက MT News ကို ပြောပါတယ်။
ဒီလို ဒေသတွင်းတိုက်ပွဲအခြေအနေတွေကြောင့် ပူတာအိုဒေသရဲ့လမ်းပန်းဆက်သွယ်ရေးအပိုင်းမှာလည်း ခက်ခဲမှုတွေရှိလာတဲ့အတွက် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်မားလာမှုဒဏ်ကိုလည်း ဒေသခံတွေက ကြုံနေရတယ်လို့ ဆိုပါတယ်။
“လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အခါကျတော့ကုန်ဈေးနှုန်းတွေက တအားတက်သွားတယ်။ မြို့ပေါ်မှာတောင် စားဖို့၊ သောက်ဖို့မလွယ်တာလေ။ ဟိုဘက်ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေဆို အခြေအနေပိုဆိုးပါတယ်။ ရေခဲတောင်ဘက်က တချို့ရွာတွေမှာ စားနပ်ရိက္ခာတွေတောင် ပြတ်နေတယ်လည်း ကြားတယ်။ အင်တာနက်မရတော့ ဆက်သွယ်ရေးကလည်း အခု ရတစ်ချက်၊ မရတစ်ချက်နဲ့ပါ။ ဖုန်းလိုင်းကလည်း ရတဲ့အခါ ရတယ်။ မရတဲ့အခါ မရပါဘူး။ ဒေသခံတွေကတော့ ဒီလို အခက်အခဲတွေကြားမှာ အဆင်ပြေအောင်ပဲ နေထိုင်နေရတာပါ။ ဒါတွေ ဘယ်တော့ပြန်ကောင်းလာမလဲဆိုတာကလည်း မှန်းရခက်ပါတယ်”လို့ သူက ထပ်လောင်းပြောပြပါတယ်။
ပူတာအိုဒေသမှာရှိတဲ့ အင်တာနက်လိုင်းတွေဟာ ယခုနှစ်ဆန်းပိုင်းမှစလို့ ပြတ်တောက်နေခဲ့တာဖြစ်ပြီး လူမှုကွန်ရက်ဆက်သွယ်ရေးအတွက် Star link ဝိုင်ဖိုင်ရရှိထုတ်လွှင့်တဲ့ နေရာတွေမှာသာ ဒေသခံတွေက အခကြေးငွေပေးပြီး အင်တာနက်ကိုအသုံးပြုနေရတယ်လို့ ပူတာအိုမြို့နေ ဒေသခံတွေထံကနေ သိရပါတယ်။
Photo – CJ