၂၁.၁၁. ၂၀၂၄
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံသား ဘီလျံနာ သူဌေးကြီး ဂေါတမ်အဒါနီကို အမေရိကန်အစိုးရရှေ့နေတွေက ဒေါ်လာနှစ်ဘီလျံကျော်အကျိုးအမြတ်ရမယ့် နေရောင်ခြည်စွမ်းအင်အသုံးပြုမှု သဘောတူစာချုပ်တွေအတွက် အိန္ဒိယ အစိုးရတာဝန်ရှိသူတွေကို လာဘ်ပေးဖို့ နှစ်နဲ့ချီတဲ့ လျှို့ဝှက်ကြံစည်မှုမှာ ဆက်စပ်နေခဲ့တယ်လို့ စွဲချက်တင်ခဲ့ကြတယ်လို့ သိရပါတယ်။
အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ ဘီလျံနာသူဌေးကြီးက Adani Group လုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီကို ထောက်ခံပြောကြားသူလည်းဖြစ်ပါတယ်။ သူ့ကို နယူးယေ့ာခ်မြို့မှာ အစိုးရရှေ့နေတွေက Adani Group စွမ်းအင်လုပ်ငန်းခွဲတွေက အမှုဆောင်တွေ၊ ကနေဒါ အငြိမ်းစားရန်ပုံငွေတစ်ရပ်က ဝန်ထမ်းဟောင်းတွေပါတဲ့ တခြားခုနစ်ဦးနဲ့အတူ လုံခြုံရေးဆိုင်ရာကိစ္စများ လိမ်လည်မှု နဲ့ အပါအဝင် စွဲချက်တင်ထားတယ်လို့ သိရပါတယ်။
ဂေါတမ် အဒါနီ တည်ထောင်ခဲ့တဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ အဒါနီရဲ့ တူဖြစ်သူ ဆာဂါ အဒါနီလည်း စွဲချက်တင်ခံရတဲ့ တရားခံတွေမှာပါတယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပြည်ထောင်စုရှေ့နေတွေက ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဒီလျှို့ဝှက် ကြံစည်တဲ့ လာဘ်ပေးလာဘ်ယူမှုရဲ့ အပိုင်းတစ်ပိုင်းအဖြစ် အိန္ဒိယအစိုးရအတွင်းမှ ပုဂ္ဂိုလ်တွေကို လာဘ်လာဘပေးမှုတွေပြုခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီအစီအစဉ်မှာ သူတို့က ဒေါ်လာဘီလျံနဲ့ချီပြီး အမေရိကန်ဘဏ်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဆီက ကောက်ခံခဲ့တာတွေကို ဖုံးကွယ်ထားတယ်လို့လည်း စွပ်စွဲခဲ့ကြပါတယ်။
ရှေ့နေတွေက ဂေါတမ် အဒါနီဟာ သူ့ရဲ့လျှို့ဝှက်အကြံအစည်ကို ဆက်လက်ဆောင်ရွက်ဖို့ အိန္ဒိယအစိုးရတာဝန်ရှိသူတစ်ဦးနဲ့ တွေ့ခဲ့တယ်လို့လည်း ပြောခဲ့ကြပါတယ်။
ဘရွတ်ကလင်းမြို့ရှိ အမေရိကန် ရှေ့နေချုပ်ရုံးကလည်း ကနေဒါ အငြိမ်းစားရန်ပုံငွေအဖွဲ့ CDPQ ရဲ့ ဝန်ထမ်းဟောင်းသုံးဦးကို ဒီလာဘ်ပေးလာဘ်ယူမှု လျှို့ဝှက်အကြံအစည်မှာပါဝင်နေတယ်ဆိုပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။ သူတို့က အီးမေးလ်တွေကို ဖျက်သိမ်း၊ အမေရိကန်အစိုးရဆီ သတင်းမှားတွေပို့ဖို့ သဘောတူညီမှုတွေလုပ်ပြီး စုံစမ်းစစ်ဆေးမှုကိုအဟန့် အတားလုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ CDPQ က အဒါနီရဲ့ ကုမ္ပဏီတွေမှာ အစုရှယ်ယာပါဝင်သူတစ်ဦးဖြစ်ပြီး အခြေခံအဆောက်အအုံစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
အခုလို အဒါနီနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို တရားစွဲခံရမှုက Adani Group လုပ်ငန်းစုကြီးအတွက် ဂုဏ်သတင်းဆိုင်ရာ အကျပ်အတည်းကာလထဲကို ထပ်မံရောက်ရှိစေခဲ့သလိုပါပဲ။ Adani Group လုပ်ငန်းစုအနေနဲ့ ၂၀၂၃ ခုနှစ်အတွင်းကလည်း ငွေကြေးမသမာမှုတွေနဲ့ အစုရှယ်ယာဈေးကွက် ဈေးကစား ကြိုးကိုင်ချယ်လှယ်မှုတွေလုပ်ခဲ့တယ်လို့ အမေရိကန် Hindenburg Research ကုမ္ပဏီရဲ့ စွပ်စွဲမှုကိုခံနေရတာပါ။ အဒါနီကတော့ ဒီစွပ်စွဲချက်တွေကို ထပ်ကာထပ်ကာ ငြင်းခဲ့ပါတယ်။
Adani Group မှာပါတဲ့ ကုမ္ပဏီဆယ်ခုရဲ့ ရှယ်ယာတွေကတော့ နိုဝင်ဘာလ ၂၁ ရက်မှာ အိန္ဒိယ အစုရှယ်ယာဈေးကွက်တွေမှာ ကျဆင်းလာပါတယ်။
ကမ္ဘာမှာ အကြီးမားဆုံး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်ရေးစက်ရုံတစ်ခုဖြစ်တဲ့ ဂူဂျာရတ်ပြည်နယ်၊ ခတ်ဗ်ဒါမြို့ရှိ စက်ရုံကို Adani Green ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီက တည်ဆောက်နေရာမှာ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေဆီက ဒေါ်လာ ၁၇၅ သန်းကျော်ကို ကောက်ခံခဲ့တယ်လို့လည်း အမေရိကန်အစိုးရရှေ့နေတွေက ပြောခဲ့ပါသေးတယ်။
Adani Green ကုမ္ပဏီက အမေရိကန်ရှေ့နေတွေရဲ့စွပ်စွဲချက်တွေ မှန်ကန်တယ်လို့ ဝန်ခံခဲ့ပြီး သူ့ရဲ့ စီစဉ်ထားတဲ့ ဒေါ်လာသန်း ၆၀၀ တန်စာချုပ်ကိစ္စကို ဆိုင်းငံ့ထားတယ်လို့ ဆိုခဲ့ပါတယ်။
ကနေဒါ အငြိမ်းစားရံပုံငွေအဖွဲ့ CDPQ ကလည်း” သူ့ရဲ့ ဝန်ထမ်းဟောင်းတွေကို အမေရိကန်နိုင်ငံအတွင်း စွဲချက်တင်ခံရမှုတွေကို သတိပြုမိပါတယ်။ သူတို့က အလုပ်က ၂၀၂၃ ခုနှစ်မှာနားသွားကြပြီဆိုတော့ ဘာမှမပြောလိုပါ။ CDPQ က အမေရိကန်အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ် “လို့ ပြောခဲ့ပါတယ်။
Ref-Financial Times