၂၁.၁၁. ၂၀၂၄
Written by Shwe Phyo
အာဆီယံနှင့် မိတ်ဖက်နိုင်ငံများကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသော အဖွဲ့ ADMM-Plus သို့ အဖွဲ့ဝင်နိုင်ငံအသစ်များထပ်မံဝင်ရောက်မည့် အစီအစဉ်ကို မြန်မာနိုင်ငံက ကန့်ကွက်လိုက်ခြင်းသည် အာဆီယံ၏ ယုံကြည်ကိုးစားခံရခြင်းကို ထိခိုက်ဖွယ်ရှိနေကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး Ng Eng Hen က ထုတ်ဖော်ပြောဆိုလိုက်သည်။
စင်ကာပူကာကွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၏ ကန့်ကွက်မှုကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများသည် အစည်းအဝေးအတွင်း ဆွေးနွေးထားသည့် အချို့သောကိစ္စများမှာ ချောင်ပိတ်မိသလိုမျိုးဖြစ်ခဲ့ရကာ အရေးကြီးဆုံးအကျပ်အတည်းမျိုးဖြစ်ခဲ့ရသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
စင်ကာပူကာကွယ်ရေးဝန်ကြီးက “မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံရေးအရ လက်စားချေခြင်းတွေအတွက် အာဆီယံအဖွဲ့အစည်းကို အသုံးပြုချတာမျိုးမဖြစ်သင့်ဘူး” ဟု ထည့်သွင်းပြောဆိုခဲ့သည်။
ပြီးခဲ့သောမတ်လအတွင်း ကျင်းပခဲ့သည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများကြား ဖွဲ့စည်းထားသည့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည် ADMM-Plus အဖွဲ့၌ အခြားအဖွဲ့ဝင်နိုင်ငံအသစ်များ ထပ်မံဝင်ရောက်ခြင်းကို လက်ခံရန် ဆွေးနွေးခဲ့ကြောင်း၊ ADMM-Plus အဖွဲ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် ဆွေးနွေးမှုမိတ်ဖက်နိုင်ငံများဖြစ်သည့် အမေရိကန်၊ တောင်ကိုရီးယား၊ ရုရှား၊ နယူးဇီလန်၊ ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ သြစတြေးလျ တို့ ပူးပေါင်းပါဝင်နေပြီး ကနေဒါ၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားနေကြောင်း၊ ထိုသို့စိတ်ဝင်စားမှုကို မြန်မာနိုင်ငံက ကန့်ကွက်ခဲ့ကြောင်း သိရသည်။
စင်ကာပူ ကာကွယ်ရေးဝန်ကြီးက “မြန်မာနိုင်ငံကလွဲပြီး အခြားအာဆီယံနိုင်ငံတွေဟာ ADMM-Plus အဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံအသစ် ထပ်မံလက်ခံမယ့်အစီအစဉ်ကို သဘောတူညီပါတယ်။ မြန်မာနိုင်ငံဟာ ကျွန်တော်တို့ကို ခက်ခဲတဲ့အခြေအနေမျိုးဖြစ်လာအောင် လုပ်ဆောင်လိုက်တယ်လို့ လူတိုင်းက အသိမှတ်ပြုပါတယ်။ မြန်မာနိုင်ငံရဲ့ အပြုမှုတွေဟာ အာဆီယံခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်တွေကို ထိန်းသိမ်းခြင်းမရှိဘူးဆိုတာ သိသာစေတယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့တိုးတက်မှုတွေကို မတားဆီးသင့်ဘူး။ ရှေ့ကိုအတူတကွ သွားဖို့ ဆန္ဒရှိရမှာဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ကန့်ကွက်မှုကြောင့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအတွင်း ADMM-Plus အဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံအသစ်ထပ်ပေါင်းလက်ခံခြင်းအတွက် အလုံးစုံ သဘောတူညီချက်မရခဲ့သော်လည်း မလေးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် ၂၀၂၅ ခုနှစ်တွင် ထပ်မံ ကြိုးပမ်းဖွယ်ရှိနေကြောင်းလည်း စင်ကာပူကာကွယ်ရေးဝန်ကြီးက ပြောသည်။
REf Straitetimes