၂၁. ၁၁. ၂၀၂၄
Translated by Tha Doe
အွန်လိုင်းလောင်းကစားစွဲနေပြီး လူ ၁၄ ယောက်ကို အဆိပ်ခတ်သတ်ဖြတ်လုယက်ခဲ့တဲ့ ထိုင်းအမျိုးသမီးကို တရားရုံးက နိုဝင်ဘာ ၂၀ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။
အသက် ၃၆ နှစ်အရွယ် ဆာရာရတ် ရန်စီဝူသာပွန်ဆိုတဲ့ ထိုင်းအမျိုးသမီးဟာ သူမကိုယုံကြည်မိတဲ့ ချမ်းသာကြွယ်ဝသူ မိတ်ဆွေအမျိုးသမီး စီရီပွန်ကန်ဝေါင်နဲ့အတူ မဲခေါင်မြစ်ထဲ ငါးလွှတ်ဖို့ မနှစ်က ခရီးသွားချိန်အတွင်း အစားထဲမှာ အဆိပ်ခတ်သတ်ဖြတ်လိုက်ပြီး ဒီအမှုကို စစ်ဆေးချိန်မှာ ဆိုင်ယာနိုက်အဆိပ်တွေ သေဆုံးသူဆီမှာ တွေ့ခဲ့တာကြောင့် လူ ၁၄ ဦးကို သတ်ဖြတ်ခဲ့မှု စတင်ပေါ်ပေါက်ခဲ့တာပါ။
အဲဒီနောက် စီရီပွန်ကန်ဝေါင်ကို သတ်ဖြတ်မှုနဲ့ ဆာရာရတ် ရန်စီဝူသာပွန်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ရာမှာတော့ သူမဟာ ရဲတပ်ဖွဲ့က တရားခံရှာမတွေခဲ့တဲ့ ဆိုင်ယာနိုက်အဆိပ်နဲ့ လူသတ်မှုဖြစ်စဥ်များစွာကို ကျူးလွန်ထားကြောင်း ၂၀၁၅ ခုနှစ် လူသတ်မှုဖြစ်စဥ်အထိ ဖော်ထုတ်နိုင်ခဲ့သလို အလားတူ အဆိပ်ခတ်သတ်ဖြစ်မှုတွေကို ဖော်ထုတ်တွေ့ရှိခဲ့သလို သူမလုပ်ကြံခဲ့တဲ့သူတစ်ယောက်ကလည်း အသက်ရှင်လွတ်မြောက်ခဲ့တာကို စုံစမ်းတွေ့ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာဖြစ်ပွားတဲ့ လူသတ်မှုတွေထဲမှာ အဆိုးဆုံးကျူးလွန်သူအဖြစ် သတ်မှတ်ခံရတဲ့ ကွင်းဆက်လူသတ်သမား ရန်စီဝူသာပွန်ဟာ သူမကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့် ထိုင်းမီဒီယာတွေက “Am Cyanide” လို့လည်း အမည်ပေးခံထားရသလို အွန်လိုင်းလောင်းကစားဂိမ်းတွေ စွဲလမ်းနေသူလည်းဖြစ်ပြီး အကြွေးတွေတင်နေတာကြောင့် ချမ်းသာတဲ့ သူငယ်ချင်းတွေပစ်မှတ်ထား သတ်ဖြတ်ခဲ့တာပါ။ အသက်ရှင်လွတ်မြောက်သူတစ်ဦးအပါအဝင် ပစ်မှတ်ထားခံရသူတွေ သေဆုံးသွားရင်လည်း ရွှေငွေလုယက်မှုတွေ ဆက်လက်ကျူးလွန်ခဲ့တာပါ။ အမှုမှန်ဖော်ထုတ်နိုင်ခဲ့တဲ့ စီရီပွန်ကန်ဝေါင်ကို သတ်ဖြတ်မှုမှာလည်း မသတ်ဖြတ်ခင်ကတည်းက ဒေါ်လာထောင်ချီ အကြွေးတင်နေခဲ့သလို သတ်ဖြတ်အပြီးမှာလည်း ဖုန်းနဲ့ပိုက်ဆံအိတ် ခိုးယူခဲ့သေးတာပါ။
ရန်စီဝူသာပွန်ဟာ သူမပစ်မှတ်ထားသူတွေဆီကနေ ဘတ်သုံးသိန်းကျော် ချေးယူခဲ့သလို သတ်ဖြတ်ပြီးရင်လည်း ဖုန်းတွေ၊ လက်ဝတ်ရတနာတွေ ခိုးယူခဲ့သေးတာပါ။ ဒီဖြစ်စဥ်မှာလည်း သူမ သတ်ဖြတ်ခဲ့တဲ့ စီရီပွန်ကန်ဝေါင်ရဲ့ မိသားစုကို လျော်ကြေး ဘတ် ၂ သန်းပေးဖို့ အမိန့်ချခဲ့ပါသေးတယ်။ ဒါ့အပြင် သက်သေတချို့ဖျောက်ဖျက်ဖို့ကြိုးစားတဲ့ ရန်စီဝူသာပွန်ရဲ့ ခင်ပွန်းဟောင်းရဲအရာရှိကို ထောင် ၁၆ လနဲ့ ရှေ့နေကို ထောင် ၂ နှစ် ချမှတ်ခဲ့ပါတယ်။
ဒီလိုမျိုး တရားရုံးက ရန်စီဝူသာပွန်ကို သေဒဏ်အပြင် ဘတ် ၂ သန်းလျော်ကြေးပေးဖို့ ချမှတ်ခဲ့တာနဲ့ပတ်သတ်လို့ သတ်ဖြတ်ခံရသူ စီရီပွန်ကန်ဝေါင်ရဲ့ မိခင် သောင်ပင် ကိုက်ချ်နာစီရိကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်က မျှတကြောင်းနဲ့ သမီးဖြစ်သူကို လွမ်းဆွတ်ကြောင်း၊ သတ်ဖြတ်ခံရသူသမီးငယ်အတွက် တရားမျှတမှုကို ရှာဖွေနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။
Ref:BBC, ABC
ပုံစာ။ ကွင်းဆက်လူသတ်တရားခံ ရန်စီ၀ူသာပွန်နှင့် သတ်ဖြတ်ခံရသူ ကန်ဝေါင်၊ ကန်ဝေါင်၏သမီးနှင့် ကန်ဝေါင်၏ မိခင်တိုကို တွေ့ရစဉ် ။