၂၁. ၁၁. ၂၀၂၄
Written by Nyein Kyaw
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃၈၅ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၁၀ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်းမှ တန်ချိန် ၁၅၀,၀၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာ ၂၄၁ သန်းနှင့် နယ်စပ်ကုန်သွယ်မှုမှ တန်ချိန် ၁၄၀,၀၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာ ၁၄၃ သန်းကျော်ရရှိခဲ့ပြီး စုစုပေါင်းတန်ချိန် ၂၉၀,၀၀၀ ကျော်တင်ပို့နိုင်ခဲ့သဖြင့် ဒေါ်လာ ၃၈၅ သန်းရရှိခဲ့သလို ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၁၀ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ ဥရောပနိုင်ငံများ၊ တောင်အာဖရိက၊ အမေရိကန်၊ ကနေဒါ စသည့်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကို နှစ်စဉ်တင်ပို့နေခြင်းဖြစ်သည်။
ယင်းကဲ့သို့ တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်း ရေထွက်ကုန်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် စက်ရုံပေါင်း ၁၄၀ ကျော်ရှိပြီး အဆိုပါစက်ရုံများကိုလည်း ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်သက်တမ်းတိုးပေးလျက်ရှိကြောင်း သိရသည်။