◾ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များလည်းပါဝင်နေသောကြောင့်မိသားစုဝင်များ စိတ်ပူနေကြ
၂၀.၁၁.၂၀၂၄
Written By Zun
ပြည်မသို့ စစ်ရှောင်ကြသည့် ရာနှင့်ချီသော တောင်ကုတ်ဒေသခံများအား AA က တားဆီးထား၍ ရခိုင်ရိုးမပေါ်တွင် သောင်တင်နေကြကြောင်း စစ်ရှောင်မိသားစုဝင်များက MT News ကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်ကပင် AA က တောင်ကုတ်မြို့ပေါ်သို့ ဝင်ရောက်နိုင်ရေးအတွက် မြို့တစ်ဖက်ကမ်းရှိ ယခု ကိုင်းရှည်ရပ်ကွက်(ယခင်ကိုင်းရှည်ကျေးရွာ)ဘက်မှ လက်နက်များဖြင့် ပစ်ခတ်နေခဲ့ရာ တပ်မတော်နှင့် အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။
တောင်ကုတ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းက စ၍ စစ်ရှောင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ကို ပြောင်းရွှေ့ခဲ့ကြသူများ ရှိခဲ့ကာ ယင်းနောက် မြို့ပေါ်တွင် ကျန်နေသေးသူများက ယခုတစ်ကြိမ်တွင် အိုးပစ်အိမ်ပစ် ထားခဲ့ကြရကာ ပြည်မသို့ စစ်ရှောင်ရန် မော်တော်ယာဉ်၊ သုံးဘီး (တုတ်တုတ်)၊ မော်တော်ဆိုင်ကယ်များဖြင့် မြို့ကိုစွန့်ခွာလာကြစဉ် ရခိုင်ရိုးမပေါ် ၌ AA က တားဆီးထားခြင်းကို ခံနေကြရခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က ပြည်ကို ရောက်နေတာ ၃ လလောက် ရှိပြီ။ကျွန်တော့ မိသားစု အပါအဝင် မြို့က လူတွေ ထွက်လာတာ။ထွက်လာတဲ့နေ့က အဆက်အသွယ်ရတယ်။ ဒီနေ့(နိုဝင်ဘာ ၂၀ ရက်)နဲ့ဆိုရင် ၅ ရက် ရှိပြီ။ အဆက်အသွယ်မရတာ။ ကားက အစီး ၃၀ လောက် ရှိတယ်။ တစ်စီးမှာ လူ အနည်းဆုံး ၅ ယောက်က ၁၀ ယောက်ထိ ပါတယ်။ တုတ်တုတ်မှာဆိုရင်လည်း ၃ ယောက် ၄ ယောက်၊ ဆိုင်ကယ်တစ်စီးမှာ နှစ်ယောက်။ ရာနဲ့ ချီတယ် ဆိုင်ကယ်နဲ့ တုတ်တုတ်က။ လူပေါင်း ၃၀၀ ကျော် ၄၀၀ နီးပါးလောက် ရှိတယ်။ ပြည်မြို့ကို ရောက်ရင် ရပြီဆိုပြီး တက်လာကြတာ။ စစ်တပ်က အားလုံးကို သွားခွင့်ပေးတယ်။ ဒါပေမဲ့ တပ်က ချထားတဲ့ ဂိတ်တွေကို အားလုံးဖြတ်ပြီး ရိုးမပေါ်တက်တဲ့အခါ AA က ဘာလို့ ဗမာပြည်ကို သွားမှာလဲ။ သွားစရာမလိုဘူး။ သွားချင်ရင် မအီ၊ လမူး၊ မာန်အောင် တို့ဘက်ကို သွားပါလားဆိုပြီးတော့ ပိတ်ထားတယ်လို့ သိရတယ်။ အဲဒီနောက်ပိုင်း အဆက်အသွယ်မရတော့ဘူး။ကောလဟာလလို ပြောနေကြတာက စစ်ရှောင်တဲ့အထဲမှာ ပါတဲ့ လူငယ်တွေကို AA က တစ်နေရာကို ခေါ်သွားတယ်လို့လည်း ပြောနေကြတယ်။ အခု အားလုံးက စိတ်ပူနေကြတယ်”ဟု တောင် ကုတ်မြို့မှ စစ်ရှောင်လာသည့် ပိတ်မိနေသူ၏ မိသားစုဝင်တစ်ဦးက MT News ကို ပြောသည်။
ယခုအခါ AA က ကိုင်းရှည်ကျေးရွာဒေသခံများအား နေအိမ်မှ နှင်ထုတ်၍ ယင်းတို့က ဝင်ရောက်နေထိုင်နေကြသည့်အပြင် တောင်ကုတ်မြို့ပေါ်ရှိ ကံပိုင် ဘုန်းတော်ကြီးကျောင်းအား ဝင်စီးကာ AA က အခြေစိုက်နေကြကြောင်း၊ ယင်းအပြင် မြို့ပေါ်ရှိ ရွှေဆိုင်ပိုင်ရှင်သူဌေးများ၏ နေအိမ်များသို့ တက်ရောက်ကာ အစောင့်ကျန်နေခဲ့သူများကို တံခါးဖွင့်ခိုင်းကြောင်း၊ တံခါးဖွင့်ရန် သော့မရှိကြောင်း ပြောဆိုသောကြောင့် တံခါးကို ဖျက်၍ ဝင်ရောက်နေထိုင်နေကြကြောင်းလည်း သိရသည်။
“မြို့ကို ဖျက်ဖို့ ဝင်လာတဲ့ AA က မြို့ပေါ်မှာရှိတဲ့ ပိုက်ဆံရှိတဲ့ သူဌေးတွေရဲ့ အိမ်တွေကိုပါ တက်ပြီးနေကြပြီ။ ကျွန်တော်တို့ မြို့မှာ “ကြည်ရတနာ ရွှေဆိုင်”ဆိုရင် လူတိုင်းသိတယ်။ သူတို့အိမ်ကိုလည်း AA က တံခါးတွေကို ဖျက်ဝင်တယ်။ သံတွဲမှာ AA က လူမရှိတဲ့ အိမ်တွေကို ဝင်ပြီး ရှိတာအကုန်လုံး ယူသွားတာမျိုး လုပ်မှာကို စိတ်ပူနေကြတယ်။ သူတို့က မြို့သိမ်းတယ် လို့ ပြောတာက ပါးစပ်က ပြောနေတာ။ လက်တွေ့မှာ ဒေသခံတွေက ဒုက္ခရောက်တာ၊ သူတို့ရောက်တဲ့မြို့တွေပျက်တာများတယ်။ တောင်ကုတ်မှာ မနေ့က (နိုဝင်ဘာလ ၁၉ ရက်)ည က အိမ်တွေ မီးလောင်တာ အလုံး ၁၀ ကျော်တယ်။ ကျွန်တော်တို့က AA ရဲ့ လုပ်ရပ်ကို ကန့်ကွက်ပါတယ်” ဟု တောင်ကုတ်မြို့ခံတစ်ဦးက MT News ကို ပြောသည်။
တပ်မတော်သတင်းရင်းမြစ်များအရ ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် တောင်ကုတ်မြို့ အရှေ့တောင်ဘက်ရှိ ဖုန်ညိုကျေးရွာအနီး တပ်မတော်စစ်ကြောင်းများမှ နံနက်ပိုင်းနယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကာ ညနေ ၄ နာရီအချိန်ခန့်က ကိုင်းရှည်တံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းကို AA က လာရောက်တိုက်ခိုက်ခဲ့၍ နှစ်ဖက်တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် စကခ(၅) မြောက်ဘက် ကာကင်းနေရာကို AA က လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်သားများမှ လေကြောင်းပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်တိုက်ပွဲ ရင်ဆိုင်ဖြစ်ပြီး တပ်မတော်ဘက်က ထိန်းချုပ် ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
ပုံစာ။ ရခိုင်ရိုးမတစ်နေရာ (Photo – Credit)