၂၀.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် အခြားသောနေရာများတွင်ကွန်ဒိုမီနီယံအခန်းများအား မြန်မာနိုင်ငံသားများက ဝယ်ယူမှုများ တိုးပွားလာနေလျက်ရှိရာ ထိုင်းနိုင်ငံ၏နှေးကွေးအရောင်းထိုင်းနေသော အိမ်ခြံမြေ ဈေးကွက်အတွက် အခွင့်အလမ်း မျှော်လင့်ချက်တစ်ရပ် ပံ့ပိုးပေးသကဲ့သို့ ရှိနေရကြောင်း သတင်းများ အရသိရသည်။ ထိုသို့ဝယ်ယူသူ မြန်မာနိုင်ငံသားများမှာလည်း ပြည်တွင်းစစ်ကြောင့် ထိခိုက်နေရသော နိုင်ငံ၏စီးပွားရေးမှ အပြင်ဘက်သို့ ၎င်းတို့ပိုင်ဆိုင်သည့် ငွေကြေးများကို ရွှေ့ပြောင်းလာကြသည့် သ ဖွယ်ဖြစ်ကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံ၌ ၂၀၂၄ ခုနှစ်၏ ပထမကိုးလအတွင်း မြန်မာနိုင်ငံသားများ၏ ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှုက ယခင်နှစ် အလားတူကာလထက် သုံးဆမြင့်တက်လာခဲ့ကြောင်း အိမ်ခြံမြေသတင်းအချက်အလက် ဗဟို(REIC) က ပြောခဲ့သည်။ မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှုမှာ တရုတ်နိုင်ငံသားများပြီးလျှင် ဒုတိယနေရာတွင်လည်း ရှိနေခဲ့သည်။
REIC မှ ယာယီညွှန်ကြားရေးမှူးချုပ် ကာမွန်ပေါ့ ဗီရာပါလာ က“တခြားပြည်တွင်းပဋိပက္ခဖြစ်နေတဲ့နိုင်ငံတွေကရော နိုင်ငံခြားသားတွေက ဘန်ကောက်ကိုလာပြီးအေးအေးဆေးဆေးနေဖို့ ကြိုးစားကြတာပဲ” ဟု သတင်းထောက်များကိုပြောခဲ့သည်။
REIC စာရင်းများအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလ အထိ ဘတ်ငွေ ၅ ဒသမ ၄၆ ဘီလျံ(အမေရိကန်ဒေါ်လာ ၅၈ သန်းခန့်) တန်ဖိုးရှိသော ကွန်ဒိုမီနီယံ အခန်းများကို မြန်မာနိုင်ငံသားများသို့ ရောင်းချခဲ့ရကြောင်းသိရသည်။
ထိုင်းနိုင်ငံနှင့် နယ်နိမိတ် ကီလိုမီတာ ၂,၅၀၀ (၁,၅၅၀ မိုင်) ခန့်ထိစပ်နေသော မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှစ၍ ပြည်တွင်းမတည်မငြိမ်ဖြစ်ကာ အကြမ်းဖက်မှုများနှင့်ရင်ဆိုင်နေရသည်။ ကျပ်ငွေတန်ဖိုးမှာလည်း ကျဆင်းကာ မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းဈေးနှုန်းများလည်း မြင့်တက်၍ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံ၏စီးပွားရေးတိုးတက်မှုက တစ်ရာခိုင်နှုန်းတွင်သာရှိသည်ဟု ကမ္ဘာ့ဘဏ်က ပြောခဲ့သည်။
မတည်မငြိမ်ဖြစ်နေရသော ကျပ်ငွေတန်ဖိုးကို ထိန်းသိမ်းနိုင်ရန်အတွက် မြန်မာအစိုးရက ထိုင်းနိုင်ငံမှ ကွန်ဒိုမီနီယံများကို ရောင်းချသူငါးဦးအား ဇွန်လအတွင်းက တရားစွဲခဲ့သေးသည်။ ယခင်က မြန်မာနိုင်ငံအတွင်း ပြည်ပမှ အိမ်ခြံမြေများရောင်းဝယ်မှုက ဥပဒေနှင့် မညီသည်မဟုတ်ပေ။ သို့သော် မြန်မာအစိုးရက ယခုအခါတွင် နိုင်ငံခြားငွေလည်ပတ်မှုကို ပိုမို တင်းကျပ်လာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း တိုက်ပွဲများပြင်းထန်လာမှုနှင့်အတူမြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံမှ အိမ်ခြံမြေများ ဝယ်ယူမှုကလည်း မြင့်တက်လာခဲ့ခြင်းဟုဆိုရမည်ဖြစ်သည်။ ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလပတ် ကာလအတွင်းဆိုလျှင် မြန်မာနိုင်ငံသားများ၏ အိမ်ခြံမြေဝယ်ယူမှုက ၆၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
အချို့ချမ်းသာသော မြန်မာနိုင်ငံသားများက ၎င်းတို့ပိုင်ဆိုင်သောငွေကြေးများကို စစ်ဒဏ်ခံနေရသော နိုင်ငံအတွင်းသိမ်းဆည်းထားရခြင်းမှ ရှောင်ရှားနိုင်ရန်အတွက်လည်း ထိုင်းနိုင်ငံတွင် အိမ်ခြံမြေများ လာရောက်ဝယ်ယူကြခြင်းဟု အမည်မဖော်လိုသော အိမ်ခြံမြေကိုယ်စားလှယ်တစ်ဦးက ပြောခဲ့သည်။ အိမ်ခြံမြေ ကိုယ်စားလှယ်များက ထိုကဲ့သို့ ဝယ်ယူရင်းနှီးမြှုပ်နှံသူများက ဒေါ်လာ ၄၅,၀၀၀ မှ ဒေါ်လာ ၃၅၀,၀၀၀ အကြားတန်ဖိုးရှိသည့် အိမ်ခြံမြေများကို ဝယ်ယူကြကြောင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်ကလည်း မြန်မာနိုင်ငံသားများအိမ်ခြံမြေဝယ်ယူရန် နှစ်ခြိုက်ကြသည့်နေရာတစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။
မြန်မာနိုင်ငံမှလာရောက်နေထိုင်သည့် အသက် ၃၀ နှစ်ရှိ အမျိုးသားတစ်ဦးက မြန်မာနိုင်ငံအတွင်း မတည်ငြိမ်သေးလျှင် ၎င်းအနေဖြင့် မပြန်လိုသေးကြောင်း ပြောခဲ့သည်။ထိုင်းနိုင်ငံတွင် လာရောက် အလုပ် လုပ်နေသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သော မြန်မာအမျိုးသမီးတစ်ဦးကလည်း ဘန်ကောက်မြိုဆင်ခြေဖုံး ဒေသတွင် ဒေါ်လာ ၂၉,၀၀၀ ဖြင့် တိုက်ခန်းတွဲတစ်ခုကို ဝယ်ယူခဲ့သည်။
ထိုင်းနိုင်ငံတွင် ကွန်ဒိုမီနီယံအခန်းများဝယ်ယူကြသော မြန်မာနိုင်ငံသားများတိုးတက်လာချိန်တွင် ထိုင်းနိုင်ငံအဖို့ အခြားနိုင်ငံများမှ ဝယ်ယူရင်းနှီးမြှုပ်နှံသူများ ကျဆင်းမှုကိုမူ ကြုံနေရသည်။ တရုတ်နိုင်ငံသားများနှင့် ရုရှားနိုင်ငံသားများက ယခင်နှစ်များက အဓိက အိမ်ခြံမြေဝယ်ယူသူများဖြစ်ကြသော်လည်း ၂၀၂၄ ခုနှစ်တွင်မူ ၎င်းနိုင်ငံသားများ၏ဝယ်ယူမှုက ၁၂ ရာခိုင်နှုန်းနှင့် ၁၆ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားခဲ့ကြကြောင်း REIC က ပြောခဲ့သည်။
မစ္စတာ ကာမွန်ပေါ့က ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတို့မိခင်နိုင်ငံများတွင် စီးပွားရေး ဒုက္ခရောက်ရမှုများရှိ၍ ထိုင်းနိုင်ငံသို့ရောက်လာကြခြင်းဟုလည်း ပြောခဲ့သည်။ ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှု ဘက်စုံမှနှေးကွေးလာ၍ အိမ်ခြံမြေ ဈေးကွက်မှာလည်း အာနည်းလာနေရသည်။ REIC က ကွန်ဒိုမီနီယံအခန်းများရောင်းချရမှုမှာ ၂၀၁၄ ခုနှစ်တွင် သုည ဒသမ ၆ ရာခိုင်နှုန်းကျဆင်းနိုင်ပြီး ၂၀၂၅ ခုနှစ်တွင်မူ တစ်ဖြည်းဖြည်းပြန်လည်ဦးမော့လာမည်ဟု ခန့်မှန်းထားသည်။
Ref- Bangkok Post