◾ လုံခြုံရေး ကင်းလှည့်သည့်ရဲကား၏ စစ်ဆေးမှုကိုဆန့်ကျင်မောင်းနှင်ထွက်ပြေးစဉ် ယာဉ်တိုက်မှု ဖြစ်ခဲ့ရ
၂၀.၁၁.၂၀၂၄
Written By Zun
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ကုန်တင်ကားတစ်စီးက ဓာတ်တိုင်ကို ဝင်တိုက်၍ ၇ ဦး သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ Nakhon Pathom ပြည်နယ် Bang Len ရဲစခန်း၏ သတင်းများကို ကိုးကား၍ ဒေသတွင်းသတင်းများတွင် ရေးသားထားကြသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီကျော်အချိန်က ဘန်လန်မြို့နယ်၊ အမှတ် (၈)၊ ဘန်လန်ကျေးရွာအနီးရှိ ဘန်လင်-ဘန်ပလာ လမ်းမပေါ်တွင် ဓာတ်တိုင်ကို အရှိန်ပြင်းပြင်းတိုက်မိသောကြောင့် ပစ်ကပ်ကားတစ်စီးလုံးကြေမွသွားကာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၅ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းပစ်ကပ်ကားသည် နခွန်ပထုံခရိုင်၊ ဘန်လန်မြို့နယ်၊ အမှတ် (၈)၊ ဘန်လန်ကျေးရွာအနီး ဖွင့်လှစ်ထားသည့် စတိုးဆိုင်ရှေ့၌ ရပ်တန့်ထားစဉ် ကင်းလှည့်လာသော လုံခြုံရေး ကားမှ စစ်ဆေးရန် ရပ်တန့်စေသည်ကို စစ်ဆေးမှုမခံဘဲ မောင်းနှင်ထွက်ပြေးစဉ် အထက်ပါအတိုင်း တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ မြန်မာအလုပ်သမားအမျိုးသမီး ၅ ဦးမှာ ကားအတွင်းမှ လွင့်စင်သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးမှာ ကားအတွင်း ပိတ်ညပ်သေဆုံးနေသောကြောင့် သက်ဆိုင်ရာက ရုပ်အလောင်းများကို ကားအတွင်းမှ ဆွဲထုတ်ခဲ့ကြရကြောင်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာအနီးတွင် ထိုင်းဘတ်ငွေ ၁၀၀၀၀ ကျော်၊ ဓာတ်မြေဩဇာအိတ်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ရေပုံ၊ အင်္ကျီအဝတ်အထည်၊ အိုးခွက်ပန်းကန်များလည်း ပြန့်ကျဲနေသည်ကို တွေ့ရကြောင်း သိရသည်။
သေဆုံးသူ မြန်မာလုပ်သား(၇)ဦးထဲတွင် ပထုံဌာနီခရိုင်အတွင်း အလုပ်လုပ်နေသည့် ကိုအောင်အောင်ဦး တစ်ဦးတည်းကိုသာ သိရပြီး ကျန်သူများ၏ မိသားစုဝင်များကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ လက်ရှိတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို Bang Len ဆေးရုံသို့ ပို့ဆောင်ထားကာ ရင်ခွဲစစ်ဆေးမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်ကို မောင်းနှင်သည့် ယာဉ်မောင်းကို အခင်းဖြစ်ပွားရာနေရာတွင် မတွေ့ရကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ Bang Len ရဲစခန်းက စုံစမ်းမှုများပြုလုပ်နေကြောင်း၊ အဆိုပါယာဉ်မှာ မြန်မာနိုင်ငံသားအမည်ဖြင့် မှတ်ပုံတင်ထားကြောင်းနှင့် မော်တော်ကား အာမခံထားရှိသည့်အတွက် ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် အာမခံကုမ္ပဏီမှ ကိုယ်စားလှယ်များ ရောက်ရှိလာပြီး ပျက်စီးမှုများ မှတ်တမ်းရယူကြောင်းလည်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့တွင်အစီရင်ခံစာတစ်စောင်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပို့ထားပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားသူများ၏ ဆွေမျိုးများနှင့် ဆက်သွယ်၍ ညှိနှိုင်းဆောင်ရွက်ရန်၊ ကားပိုင်ရှင်ကို သိရှိရန်လည်း လုပ်ဆောင်နေကြကြောင်း သိရသည်။
Sources- Matichon – Mgronline -thaipbs