၂၀. ၁၁. ၂၀၂၄
Written by Thettant
ဧရာဝတီတိုင်းဒေသကြီးက ကျိုက်လတ်မြို့နယ်ကို ဗဟိုပြုပြီး ဒီညနေမှာ လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကြောင့် ကေ့ာမှူးမြို့နယ်၊ ကျိုက်ထော်ရွာက ကျိုက်ထော်ဆုတောင်းပြည့်စေတီတော်ရဲ့ စိန်ဖူးတော်မြေခခဲ့တယ်လို့ သိရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၄၈)မိနစ်၊ (၃၀)စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းရဲ့ အနောက်တောင်ဘက် (၄၂)မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း (ကျိုက်လတ်မြို့၏ အနောက်ဘက် (၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၄၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၈)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိတယ်လို့ပဲ ဖော်ပြခဲ့တာ တွေ့ရပါတယ်။
ဒီငလျင်လှုပ်မှုဒဏ်ကို ရန်ကုန်မြို့နယ်အချို့နေသူတွေ၊ အထပ်မြင့်မှာ နေသူတွေပါ သိသိသာသာ ခံစားခဲ့ရသလို ငလျင်လှုပ်မှုဟာလည်း ညနေ ၅ နာရီ ၃၅ မိနစ်မှာတစ်ကြိမ်နဲ့ ညနေ ၅ နာရီ ၄၈ မိနစ်ကျော်မှာ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်လှုပ်ခဲ့သလို ဒီ ငလျင်လှုပ်မှု နှစ်ကြိမ်ကို ဧရာဝတီတိုင်း၊ ကျိုက်လတ်ပတ်လည်က မြို့တွေသာမက ရန်ကုန်တိုင်းအတွင်းက သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုန်၊ စမ်းချောင်း၊ တောင်ဥက္ကလာ၊ အလုံ၊ လမ်းမတော် စတဲ့ မြို့နယ်တွေမှာ သိသိသာသာ လှုပ်ရှားမှုဖြစ်ပွားခဲ့တယ်လို့ လူမှုကွန်ရက်မှာ ရေးသားကြတာတွေ့ရပေမဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနကတော့ ညနေ ၅ နာရီ ၄၈ မိနစ်ကျော်မှာ လှုပ်ခတ်မှုတစ်ကြိမ်ပဲ ထုတ်ပြန်ခဲ့တာပါ။
“ငလျင်လှုပ်တာက အသံတွေပါမြည်တယ်။ ထုတ်ပြန်ချက်အရ ငလျင်က အင်အားနည်းပေမဲ့ ဇောက်တိမ်တော့ ပိုပြင်းတယ်ထင်ရတာ။ ကျွန်တော်တို့ ကော့မှူးဘက်မှာ အိမ်တွေ နံရံပြိုတာ၊ ကျိုက်ထော်စေတီ စိန်ဖူးတော်မြေခတာတွေဖြစ်သွားတယ်။ တခြားထိခိုက်မှုတွေလည်း စုံစမ်းနေတယ်။ မနက်ကျရင် အသေးစိတ်သိရမယ်။ အခုက ဖုန်းဆက်မေးတာ၊ Facebook ပေါ်တက်တာကိုပဲ သိနေရတာ”လို့ ကော့မှူးမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
ကော့မှူးမြို့နယ်ဟာ အဂတိမှုတွေ၊ မဲမသမာမှုတွေနဲ့ ထောင်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်အဖြစ် လူသိများသလို စိန်ဖူးတော်မြေခသွားတယ်လို့ ကနဦးသိရတဲ့ ကျိုက်ထော်စေတီကလည်း ဆုတောင်းပြည့်စေတီအဖြစ် လူသိများပါတယ်။
စိန်ဖူးတော်ပါပြိုကျတဲ့ စေတီရှိရာ ကျိုက်ထော်ရွာမှာလည်း ငလျင်လှုပ်ခတ်မှုဟာ တော်လည်းသံနဲ့ အသံအော်ပြီး လှုပ်ခတ်တာဖြစ်လို့ တစ်ရွာလုံးက အိမ်ထဲမနေရဲဘဲ ရွာလယ်လမ်းပေါ်ထွက်ထိုင်နေကြရတယ်လို့ ကျိုက်ထော်ဒေသခံတစ်ဦးဖြစ်တဲ့ နေမင်းကိုကို အကောင့်ပိုင်ရှင်က ငလျင်လှုပ်အပြီး ရွာရဲ့ဖြစ်စဥ်ကို လူမှုကွန်ရက်မှာ ရုပ်သံနဲ့တကွ ထုတ်လွှင့်ပြသထားပါတယ်။
ကျိုက်လတ်ငလျင်လှုပ်ခတ်မှုဟာ ဇောက်တိမ်သလို မိုးဇလထုတ်ပြန်ချက်နဲ့ကွဲလွဲမှုတွေလည်းရှိနေတာကြောင့် တခြားထိခိုက်မှုဖြစ်စဥ်တွေကိုလည်း MT News က အတည်ပြုစုံစမ်းနေပြီး ထပ်မံသိရှိရတာကို ဆက်လက်ဖော်ပြပေးပါမယ်။
ပုံစာ။ စိန်ဖူးတော်မြေခသည့် ကျိုက်ထော်စေတီနှင့် နေအိမ်နံရံပြိုကျမှုမြင်ကွင်း (Photo – Wai Yan Myint Maung & မြတ်ဟိန်းကျော်)