October 18, 2024

၆. ၁. ၂၀၂၃
Written By Thandar

Fancy အချစ်ဇာတ်လမ်းတွဲ “ချစ်မိတော့လည်းဇွတ် ” ဇာတ်ကားရဲ့ ဇာတ်ဝင်တေးကိုတော့ အဆိုတော် ဟဲလေးနဲ့ ဖုန်းသီရိကျော်တို့က ပါဝင်သီဆိုထားပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ ဇန်နဝါရီ ၁၃ ရက်မှာ မဟာအပလီကေးရှင်းက ပြသမှာဖြစ်တယ်လို့ ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းရှိ မဟာရုံးခန်းမှာ ပြုလုပ်တဲ့ Family Show ပွဲက သိရပါတယ်။

“ဒီဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ အရမ်းမိုက်ပါတယ်။ ဇာတ်ကားထဲမှာတော့ ထက်အောင်ရှိုင်းနဲ့ မတည့်တဲ့ သူငယ်ချင်းနှစ်ယောက်ပုံစံမျိုး ဆိုပေမယ့် ရိုက်ကွင်းပေါ်မှာတော့ အားလုံးက တကယ့်ကို စည်းစည်းလုံးလုံးနဲ့ အမှတ်တရတွေ အများကြီးနဲ့ ရိုက်ကူးထားကြတာပါ။ အချစ်ဟာသကားလေးဆိုပေမယ့် ဒရမ်မာတွေထက်ကို တော်တော်လေး ပင်ပန်းခဲ့တယ်။ ပင်ပန်းပေမယ့်လည်း ပျော်ဖို့ကောင်းခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာ ခေးတို့ အကုန်လုံး ကြိုးစားထားကြပါတယ်။ ဇာတ်လမ်းတွဲလေး ထွက်လာရင်လည်း အားပေးကြပါဦး” လို့ သရုပ်ဆောင် ခေးဆက်သွင်က ပြောပါတယ်။

“ချစ်မိတော့လည်းဇွတ်”ဇာတ်လမ်းတွဲကတော့ လူငယ်များကြိုက်နှစ်သက်မယ့် ပေါ့ပေါ့ပါးပါး အချစ်ဟာသ ဇာတ်လမ်းပုံစံမျိုးဖြစ်ပြီးတော့ အပိုင်း (၁၀)ပိုင်းပါ၀င်တဲ့ Mini Series တစ်ခုလည်း ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ ဇာတ်လမ်းက ညမွှေးပန်း၊ ဇာတ်ညွှန်းပိုင်းကိုတော့ ညမွှေးပန်း၊ ငွေစင်သွန်းနဲ့ Bonnie တို့က ရေးသားထားပြီး ဒါရိုက်တာ ပြည့်ဖြိုးနိုင်(PPN) နဲ့အတူ သရုပ်ဆောင်တွေဖြစ်တဲ့ ထက်အောင်ရှိုင်း၊ ခေးဆက်သွင်၊ ဖုန်းသီရိကျော်၊ လွင်မင်းသန့်၊ မီကိုခန့်၊ ကေညီ၊ အကယ်ဒမီ ခင်မို့မို့အေး၊ အေးသီတာ၊ သာသာ၊ ဧည့်သည်သရုပ်ဆောင် မင်းတော်ဝင် စတဲ့အနုပညာရှင်တွေ ပါဝင်ရိုက်ကူးထားကြပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးကိုတော့ အဆိုတော် ဟဲလေးနဲ့ ဖုန်းသီရိကျော်တို့က ပါဝင်သီဆို ထားတာလည်း ဖြစ်ပါတယ်။

“ခေးကို ဒီဇာတ်လမ်းမှာ Digital Marketing Manager ဖြစ်ပြီး အသက် ၃၀ ကျော်နေပြီးတော့ ရည်းစားတစ်ခါမထားဖူးသေးတဲ့ အပျိုကြီး။ ရိုးရိုးအေးအေး အိန္ဒြေကြီး တစ်ခွဲသားပုံစံမျိုးမြင်ရမှာပါ”လို့ သူမက ဆက်လက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *