၂၀. ၁၁. ၂၀၂၄
Written by Nay Moe
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ အငြိမ်းစားဝန်ထမ်းအဘိုး၊ သမီးဖြစ်သူ ကျောင်းဆရာမနဲ့ ၆ နှစ်အရွယ်မြေးဖြစ်သူကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသွားပြီး သုံးလောင်းပြိုင် လည်လှီးသတ်ဖြတ်လိုက်ကြတယ်လို့ MT News က ကနဦးစုံစမ်းမှုအရ သိရပါတယ်။
ဖြစ်စဥ်က ဘုရားသုံးဆူမြို့၊ အမှတ် (၂) ရပ်ကွက်၊ လျှပ်စစ်ဝန်ထမ်းတန်းလျားနေ အသက် ၆၉ နှစ်အရွယ် နိုင်ငံဝန်ထမ်းအငြိမ်းစား ဦးကျော်သိန်းမောင် (ခ) ဦးရခိုင်၊ အသက် ၃၆ နှစ်အရွယ် သမီးဖြစ်သူ ကျောင်းဆရာမ ဒေါ်သိမ့်သိမ့်သူနဲ့ မြေးဖြစ်သူ ၆ နှစ်အရွယ် မောင်စိုင်းဝဏ္ဏထွန်းတို့ သုံးဦးကို လက်နက်ကိုင်လူတစ်စုက နိုဝင်ဘာ ၁၉ ရက်မှာ ဖမ်းဆီးသွားကြပြီး နိုဝင်ဘာ ၂၀ ရက်မှာတော့ လည်လှီးသတ်ဖြတ်ခံထားကြရတာကို တွေ့ခဲ့ရတာပါ။
“သူတို့ မြေးအဘိုးမိသားစုသုံးယောက်ကို လက်နက်ကိုင်လူတစ်စုက မနေ့က ကားနဲ့ခေါ်သွားတာ။ လိုက်ရှာကြတော့ ဒီမနက် ၇ နာရီလောက်မှာ မက္ကသာရွာဘက်က ရာဘာတောထဲ လည်လှီးအသတ်ခံထားရတဲ့အတိုင်း တွေ့တာ”လို့ MT News ကို သတင်းဓာတ်ပုံပေးပို့သူက သူသိတဲ့ဖြစ်စဥ်ကို ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ ရိုးသားတဲ့နိုင်ငံ့ဝန်ထမ်းမိသားစုဖြစ်သလို ဘုရားသုံးဆူနယ်ဟာ KNU နဲ့ PDF တွေ ကြီးစိုးရာနေရာဖြစ်လို့ PDF နဲ့ ဆက်နွှယ်သူတွေက သတ်ဖြတ်တာလို့ ထင်မြင်မှုတွေရှိပေမဲ့ MT News က ဖြစ်စဥ်အသေးစိတ်အတည်မပြုနိုင်သေးဘဲ သတ်ဖြတ်မှုဖြစ်စဥ်ပဲ သိရှိရသေးသလို သေဆုံးသူ သုံးဦးကိုတော့ မနက်ဖြန် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီမှာ ဘုရားသုံးဆူမြို့ဆေးရုံကနေ မြို့ပြင်သုသာန်ဆီ ပို့ဆောင်သင်္ဂြိုဟ်မှာလို့ သိရပါတယ်။