MT News
၂၀. ၁၁. ၂၀၂၄
ရန်ကုန်မြို့မှာ ဒီညနေ ၅ နာရီ ၃၅ မိနစ်ခန့်နဲ့ ၅ နာရီ ၄၈ မိနစ်ခန့်မှာ ငလျင်သိသိသာသာ နှစ်ကြိမ်လှုပ်ခတ်သွားပြီး ဒီငလျင်လှုပ်မှုဒဏ်ကို ရန်ကုန်မြို့နယ်အချို့နေသူတွေ၊ အထပ်မြင့်မှာ နေသူတွေပါ သိသိသာသာ ခံစားခဲ့ရပါတယ်။
ငလျင်လှုပ်မှု နှစ်ကြိမ်ကို သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုန်၊ စမ်းချောင်း၊ တောင်ဥက္ကလာ၊ အလုံ၊ လမ်းမတော် စတဲ့ မြို့နယ်တွေမှာ သိသိသာသာ လှုပ်ရှားမှုဖြစ်ပွားခဲ့တယ်လို့ လူမှုကွန်ရက်မှာ ရေးသားကြတာတွေ့ရပါတယ်။
ဒါပေမဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနကတော့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၄၈)မိနစ်၊ (၃၀)စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းရဲ့ အနောက်တောင်ဘက် (၄၂)မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း (ကျိုက်လတ်မြို့၏ အနောက်ဘက် (၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၄၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၈)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိတယ်လို့ပဲ ဖော်ပြခဲ့တာ တွေ့ရပါတယ်။
အဲဒီအတွက်လည်း မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အောက်မှာ ငလျင်က နှစ်ကြိမ်လှုပ်ခတ်သွားကြောင်း ဝိုင်းဝန်းရေးသားနေကြတာလည်း တွေ့ရှိရပါတယ်။
“ညနေ ၅ နာရီ ၃၅ မိနစ်ဝန်းကျင်နားမှာ သုံးချက်လောက် ငြိမ့်ကနဲငြိမ့်ကနဲ သိသိသာသာလှုပ်သွားတယ်။ ပြီးတော့ ညနေ ၅ နာရီ ၄၈ မိနစ်လောက်မှာ ထပ်လှုပ်တာက ပိုသိသာတယ်။ ငလျင်က နှစ်ကြိမ်လှုပ်သွားတာပါ”လို့ တာမွေမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။