၂၀.၁၁. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသော ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူအရေအတွက်သည် ကမ္ဘာ့နိုင်ငံများထဲတွင်အများဆုံးဖြစ်နေကြောင်း International Campaign to Ban Landmines (ICBL)အဖွဲ့က ဖော်ပြလိုက်သည်။
အဆိုပါအဖွဲ့က မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း မြေမြုပ်မိုင်းနှင့်ပေါက်ကွဲစေသော ပစ္စည်းများကြောင့် ထိခိုက်သေဆုံးရသူအရေအတွက်သည် အနည်းဆုံး ၁၀၀၀ ကျော် ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများသည် ဆယ်စုနှစ်နှင့်ချီပြီးဖြစ်ပွားခဲ့သော အကျိုးဆက်များဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်တွင် မြေမြုပ်မိုင်းနှင့်ပေါက်ကွဲစေသော ပစ္စည်းများကြောင့် ထိခိုက်သေဆုံးရသူအများဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ရှိနေပြီး ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် ယူရိန်းနိုင်ငံတို့က ထိပ်ဆုံး ၅ နိုင်ငံစာရင်းတွင်ရပ်တည်နေသည်။
ICBL အဖွဲ့၏အဆိုအရ ဆီးရီးယားနိုင်ငံတွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသော ပစ္စည်းများကြောင့် ထိခိုက်သေဆုံးရသူအရေအတွက် ၉၃၃ ဦး၊ အာဖဂန်နစ္စတန်နိုင်ငံတွင် ၆၅၁ ဦး၊ ယူကရိန်းနိုင်ငံတွင် ၅၈၀ ဦးတို့ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့၏ မြေမြုပ်မိုင်းတားဆီးရေးအဖွဲ့ဝင်နိုင်ငံများ စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ခု နှစ်က နိုင်ငံရေးပြဿနာများ ဖြစ်လာခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလာခဲ့ရာ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းတိုင်းကြောင့် မြေမြှုပ်မိုင်းအသုံးပြုမှု ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ကလေးငယ်များရန်ပုံငွေအဖွဲ့က မြန်မာ့လက်နက်ကိုင်ပဋိပက္ခများတွင်ပါဝင်နေသော အဖွဲ့အစည်းများသည် မြေမြှုပ်မိုင်းအသုံးပြုခြင်းများရှိနေကြောင်း ဧပြီလအတွင်း သတင်းထုတ်ပြန်ခဲ့သည်။ SAC ကိုဆန့်ကျင်တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့များကလည်း ၎င်းတို့ထိန်းချုပ်ရာ အရပ်ဒေသများတွင် မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသော ပစ္စည်းများ ချထားခြင်းများလုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆိုဖူးသည်။
REf , ICBL