၂၀.၁၁. ၂၀၂၄
Written by Shwe Phyo
မလေးရှားနိုင်ငံကို ရောက်ရှိနေသော နေရပ်စွန့်ခွာ ဒုက္ခသည်များတွင် မြန်မာနိုင်ငံမှအများဆုံးဖြစ်နေသလို အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် မြန်မာ့အရေးကိုဖြေရှင်းနိုင်ရန်လည်း အစွမ်းကုန်ကြိုးပမ်းမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွန်ဆရီ မိုဟာမက်ဒ် ဟာဆန်က ပြောသည်။
၎င်းက “မလေးရှားနိုင်ငံဟာ လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမှာဖြစ်တယ်။ အဲဒီအချိန်မှာ မြန်မာ့အရေးကို ဖြေရှင်းနိုင်အောင် အာဆီယံရဲ့ကြိုးပမ်းမှုတွေကို ဦးဆောင်တာဝန်ယူသွားမယ်။ အာဆီယံသဘောတူညီချက်ငါးချက်ကို အခြေခံကာ ကြိုးပမ်းသွားမယ်” ဟု ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံမှ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများကို ခွဲခြားမှုမရှိဘဲ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ မလေးရှားအစိုးရသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ရန်အတွက် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ရာ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများဖြစ်လာစေရန်အတွက် မြန်မာ့အရေးတွင်ပါဝင်နေသူအားလုံးနှင့် စေ့စပ်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများအဖွဲ့ (IOM) က ၂၀၂၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ ကမ္ဘာတဝှမ်းမှ နေရပ်စွန့်ခွာလာသော ဒုက္ခသည် ၄၇၇၄ ဦးကို တတိယနိုင်ငံတွင် ပြန်လည်အခြေချ နေထိုင်နိုင်ရန်ကူညီပေးခဲ့ပြီး အဆိုပါဒုက္ခသည် အရေအတွက်၏ ၇၀ ဒသမ ၉ ရာခိုင်နှုန်းဖြစ်သော ၃၃၈၄ ဦးက မြန်မာနိုင်ငံသားများဖြစ်ပြီး အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဂရိတ်ဗြိတိန်၊ နော်ဝေးနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ပြန်လည်အခြေချနေထိုင်ရန် ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။
REf, Thestar