◾ ယူကရိန်းအရေး နျူကလီယားစစ်ပွဲကိုဦးတည်နေသလော
၂၀.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ရုရှားနိုင်ငံက လူအများအပြားခိုလှုံနေထိုင်နိုင်သည့်အပြင် နျူကလီးယားပေါက်ကွဲမှုတစ်ရပ်မှ ဖြစ်လာမည့် လှိုင်းများ၏ ပြင်းထန်စွာရိုက်ခတ်မှုနှင့် ရောင်ခြည်ဖြာမှုတို့ကိုပါ ကာကွယ်ပေးမည့် ရွှေ့ပြောင်းနိုင်သော လူအစုလိုက်အပြုံလိုက်နေနိုင်သည့် နျူပေါက်ကွဲမှု ကာကွယ်ရေးဘန်ကာအဆောက်အအုံများကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။
KUG-M ဟု အမည်ပေးထားသော အဆိုပါ ဘန်ကာအဆောက်အအုံများက သဘာဝအားဖြင့် (သို့မဟုတ်) လူကြောင့်ဖြစ်ရသော ဘေးအန္တရာယ်များကို ကာကွယ်ရန် လူ ၅၄ ဦး နှစ်ရက်ထိ ခိုလှုံနေထိုင်နိုင်မည်ဟု ရုရှားအစိုးရ အရေးပေါ်ဝန်ကြီးဌာနက နိုဝင်ဘာလ ၁၉ ရက်က ပြောခဲ့သည်။
နိုဝင်ဘာလ ၁၉ ရက် နံနက်၌ပင် ရုရှားသမ္မတ ပူတင်က ရုရှား၏ နျူကလီးယားလက်နက်များ အယူဝါဒသစ်ကို အတည်ပြုသည့်အမိန့်ထုတ်ပြီးနောက် ယခုသတင်းကပါထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ အယူဝါဒသစ်က ၂၀၂၀ ပြည့်နှစ်က အကြမ်းဖျင်းဖော်ပြခဲ့မှုကို အစားထိုးအတည်ပြုခြင်းဖြစ်သည်။ ၎င်းက ရုရှားအစိုးရအနေဖြင့် ရုရှား(သို့မဟုတ်) ဘီလာရုစ် နိုင်ငံတို့အား နျူကလီးယားလက်နက်မပိုင်သော နိုင်ငံတစ်ခုက နျူကလီးယားအင်အားကြီးနိုင်ငံတစ်ခု အကူအညီဖြင့် ခြိမ်းခြောက်လာလျှင် ပူးပေါင်းတိုက်ခိုက်မှုဟုမှတ်ယူကာ ၎င်း၏ လက်နက်များကိုလည်း တပ်ဖြန့်ချထားရမည်ဟု ဖော်ပြခဲ့သည်။
KUG-M နျူဗုံးပေါက်ကွဲမှု ရွှေ့ပြောင်းဘန်ကာအဆောက်အအုံများက သင်္ဘောကုန်သေတ္တာများနှင့် ဆင်တူကာ အပိုင်းတစ်ပိုင်းလျှင် လူ ၅၄ ယောက် ခိုလှုံနေထိုင်နိုင်မည့် အပိုင်းနှစ်ခုကို ဆက်စပ်တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းက နျူဗုံးပေါက်ကွဲမှုအန္တရာယ်သာမက အခြားသောသဘာဝဘေးအန္တရာယ်များနှင့် လူကြောင့်ဖြစ်ရသော မတော်တဆဖြစ်ရပ်များမှပါ ကာကွယ်သည့်အနေဖြင့် ခိုလှုံနေထိုင်နိုင်မည်ဖြစ်ရာ ရုရှားနိုင်ငံသားတို့ လုံခြုံစိတ်ချမှုရှိရေးအတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဟုလည်း ပြောခဲ့ကြသည်။
၎င်းတို့ကို ထရပ်ကားများဖြင့်အလွယ်တကူ တင်ဆောင်ပို့ပေးနိုင်ရုံမက ရေထောက်ပံ့မှုများအတွက်လည်း ဆက်သွယ်ပေးနိုင်မည်ဟုဆိုသည်။ ထို့ပြင် ရုရှားနိုင်ငံမြောက်ပိုင်း အစဉ်အေးခဲနေသော ဒေသများ၌လည်း ဖြန့်ချထားနိုင်မည်ဟုသိရသည်။
ထိုဘန်ကာအဆောက်အအုံများကို ဆောက်လုပ်မှုက လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းဖြစ်ရပ်များနှင့် လုံးဝဆက်စပ်မှုမရှိဟု တာဝန်ရှိသူတို့က ဆိုသော်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားနိုင်ငံအတွင်းပိုင်းကိုပစ်ခတ်ရန် အမေရိကန်က ထောက်ပံ့ထားသော ATACMS တာဝေးပစ်ဒုံးကျည်များကို ယူကရိန်းသို့အသုံးပြုခွင့်ပေးကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ရက်ပိုင်းမှာပင် ဤသတင်းလည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ရုရှားအစိုးရကလည်း ဂျိုးဘိုင်ဒန်၏ ဆုံးဖြတ်ချက်အား မဆင်မခြင်ပြုလုပ်မှုအဖြစ်ပြောကြားခဲ့ပြီး ထိုသို့ ရုရှားနိုင်ငံအတွင်းပိုင်းကိုတိုက်ခိုက်လာပါက သိသာထင်ရှားစွာတုံ့ပြန်ရလိမ့်မည်ဟု သတိပေးခဲ့သည်။
ယူနိုက်တစ်ကင်းဒမ်းဝန်ကြီးချုပ် ဆာကား စတန်မာကလည်း ယူကရိန်းအား ယူနိုက်တစ်ကင်းဒမ်းမှ ပေးပို့ထောက်ပံ့ထားသော တာဝေးပစ်ဒုံးကျည်များဖြင့် ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်ခွင့်ပြုမည်ဟု နိုဝင်ဘာလ ၁၉ ရက်ကပြောခဲ့ရာ ရုရှားနိုင်ငံအား အပြင်းထန်ဆုံးသော စိန်ခေါ်မှုဖြစ်ခဲ့သည်။ ထို့ပြင် ဤကဲ့သို့ နျူကလီးယားဗုံးပေါက်ကွဲမှုမှ ကာကွယ်ရန်လည်းသုံးနိုင်သည့် ဘန်ကာအဆောက်အအုံများကို ရုရှားအစိုးရကပင်တည်ဆောက်လာခြင်းက နျူစစ်ပွဲဖြစ်ပွားမှုကို ယနေ့ကမ္ဘာကြီးဦးတည်နေသလော စိုးရိမ်ထိတ်လန့်ဖွယ် ဖြစ်ခဲ့ရပေသည်။
Ref- Daily Mail