◾ အီလွန်မတ်စ်ခ်က Starship ဒုံးပျံနဲ့ အင်္ဂါဂြိုဟ်ကို လူမပါတဲ့ခရီးစဉ်တွေ ပစ်လွှတ်ဖို့ ရည်မှန်း
၂၀.၁၁. ၂၀၂၄
Translated by Htwe Ko Tun
SpaceX ကုမ္ပဏီက ထုတ်လုပ်တဲ့ Starship ဒုံးပျံကို နိုဝင်ဘာလ ၁၉ ရက်က ပစ်လွှတ်ခဲ့ရာမှာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ မဟာမိတ်တွေက SpaceX ကုမ္ပဏီတည်ထောင်သူ အီလွန်မတ်စ်ခ်နဲ့အတူ တက်ရောက်ခဲ့ကြတဲ့အတွက် သူတို့နှစ်ဦး အနီးကပ်ဆက်ဆံမှုရဲ့ နောက်ဆုံးလက္ခဏာကို ပွဲလမ်းသဘင်တစ်ခုမှာ လက်တွေ့မြင်တွေ့ရတာလို့လည်း ဆိုကြပါတယ်။
ဒုံးပျံရဲ့ အရှိန်မြှင့်တင်စက် Booster က မက္ကဆီကို ပင်လယ်ကွေ့ထဲကို ကျခဲ့ပါတယ်။ ဒုံးပျံ စမ်းသပ်လွှတ်တင်မှုဖြစ်စဉ်မှာ အားနည်းလွဲချော်ချက် တချို့ ရှိခဲ့ပေမယ့်လည်း ထရန့်ကတော့ သူ့ရဲ့ ရွေးကောက်ပွဲအောင်ပွဲမိန့်ခွန်းမှာကတည်းက အင်ဂျင်နီယာစွမ်းရည်ကို ချီးကျူးခဲ့တာပါ။
ကြီးမားလှတဲ့ ဒုံးပျံရဲ့ အရှိန်မြှင့်တင်စက်ကို မက္ကဆီကိုပင်လယ်ကွေ့အတွင်း ထိန်းချုပ်ပျက်ကျစေခဲ့ပေမယ့် ကုမ္ပဏီကိုယ်စားလှယ် နည်းပညာပိုင်းဆိုင်ရာစံနှုန်းမကိုက်ညီခဲ့မှုတွေကို ကိုးကားပြီးတော့ ထရန့်တက်ရောက်ခဲ့တဲ့ပွဲမှာ အောင်မြင်မှုကို အားလျော့စေခဲ့တယ်လို့ ဆိုခဲ့ကြပါတယ်။
SpaceX တည်ထောင်သူနဲ့ အလုပ်အမှုဆောင်ဖြစ်တဲ့ အီလွန်မတ်စ်ခ်ကတော့ ထရန့်ရဲ့ ရွေးကောက်ပွဲ အောင်ပွဲကစလို့ ထရန့်ဘက်မှာပဲ ရှိနေခဲ့တာဖြစ်ပါတယ်။ မတ်စ်ခ်ရဲ့ နေအိမ်မြက်ခင်းပြင်ကိုသွားရောက်ဖို့ ထရန့် ရဲ့ ဆုံးဖြတ်မှုကလည်း ဘီလျံနာ သူဌေးနှစ်ဦးအကြား ကြီးထွားဖွံ့ဖြိုးလာတဲ့ ရင်းနှီးမှုရဲ့ နောက်ဆုံးလက္ခဏာလို့ဆိုရမှာပါ။ ဒီရင်းနှီးမှုကြောင့်လည်း SpaceX ရဲ့ နာဆာနဲ့ ပင်တဂွန်တို့နဲ့ အကျိုးအမြတ်များမယ့် ကန်ထရိုက်စာချုပ်တွေအပေါ် အကျိုးစီးပွားပဋိပက္ခတွေများဖြစ်လာမလား မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။
ထရန့်ဟာ သူ့ရဲ့ ဖလော်ရီဒါပြည်နယ်၊ Mar-a-lago သဲသောင်ကမ်းခြေနေအိမ်ကနေ လေကြောင်းခရီးနဲ့ ဒုံးပျံစမ်းသပ်ပစ်လွှတ်မယ့် တက္ကဆက်ပြည်နယ်၊ ဘရောင်းစ်ဗီလီမြို့မှာရှိတဲ့ SpaceX ရဲ့ Starbase လုပ်ငန်းခွင်ကို နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ရောက်လာခဲ့တာပါ။ ထရန့်ကို မတ်စ်ခ်ကကြိုဆိုခဲ့ပြီး အနီရောင် MAGA ဦးထုပ်ကို အတူတူဆောင်းထားတဲ့ သူတို့နှစ်ယောက်က ဘိုကာချီကာမြို့မှ ညနေ ၄ နာရီ (GMT 22;00) မှာ Starship ဒုံးပျံပစ်လွှတ်မှုကို ထိန်းချုပ်ခန်းကနေ တူတူ ကြည့်ခဲ့ကြပါတယ်။
နိုဝင်ဘာလ ၁၉ ရက်မှာ Starship ဒုံးပျံ စမ်းသပ်ပစ်လွှတ်မှုက ကမ္ဘာမြေရဲ့ အားအကောင်းဆုံးဒုံးပျံအတွက် စမ်းသပ်ပစ်လွှတ်မှုတွေကနေ အကောင်းဘက်ကိုရောက်ရှိလာတာလို့ ဆိုနိုင်ပါတယ်။ မတ်စ်ခ်အနေနဲ့ ဒီ ပေ ၄၀၀(၁၂၁ မီတာ) မြင့်တဲ့ ဒုံးပျံပစ်လွှတ်စမ်းသပ်အောင်မြင်တာက အင်္ဂါဂြိုဟ်ကို ခရီးထွက်နိုင်ဖို့နဲ့ အာကာသမှာခရီးသွားဖို့ သူ့ရဲ့ရည်မှန်းချက်ကို အစပျိုးတောက်ပစေခဲ့တာပါပဲ။
မတ်စ်ခ်က အင်္ဂါဂြိုဟ်ကို လူမပါတဲ့ခရီးစဉ်တွေကို ၂၀၂၆ ခုနှစ်လောက်မှာ စောနိုင်သမျှအစောဆုံး လွှတ်တင်နိုင်ဖို့ ရည်မှန်းထားတာပါ။ ဒီအချိန်က Mars Transfer Window လို့ခေါ်ကြတဲ့ ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်တို့ဟာ နေကိုလှည့်ပတ်နေစဉ် သူတို့ရဲ့ ပတ်လမ်းတွေမှာ တစ်ဖြောင့်တည်းရှိနေမယ့်အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒီကာလမှာ ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်တို့ အကြားခရီးအကွာအဝေးက အတိုဆုံးလည်းဖြစ်မှာပါ။
နာဆာ ကလည်း Starship ဒုံးပျံရဲ့ အထူးမျိုးကွဲတစ်ခုကို လမျက်နှာပြင်သို့ အာကာသယာဉ်မှူးတွေ ကူးတို့သွားမယ့် သူ့ရဲ့ Artemis အစီအစဉ်အတွက် ဒီဆယ်စုနှစ်အကုန်ပိုင်းမှာ အသုံးပြုဖို့စဉ်းစားနေတယ်လို့ ဆိုပါတယ်။
Ref- AFP