၂၀. ၁၁. ၂၀၂၄
Written by Nyein Kyaw
ယခုနှစ်တွင် ပြည်ပသို့ အဓိကတင်ပို့နေသည့် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းများ အထူးဈေးကောင်းရရှိ၍ တင်ပို့မှုများခဲ့ပြီး ပြည်တွင်း၌ လက်ကျန်မရှိသလောက်နည်းနေသဖြင့် နောက်ပေါ်မည့်ပဲများကို စောင့်ဆိုင်းပြီးမှသာ ထပ်မံတင်ပို့နိုင်မည်ဖြစ်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဒေါက်တာမျိုးလွင်က နိုင်ငံပိုင်မီဒီယာသို့ ဖြေကြားထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အဓိကတင်ပို့နေသည့် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းများကို နှစ်စဉ်တန်ချိန် ၁ ဒသမ ၅ သန်းဝန်းကျင် တင်ပို့လျက်ရှိပြီး ယခု ၂၀၂၄ ခုနှစ်အတွက် တင်ပို့ရန်လျာထချက် တန်ချိန် ၁ ဒသမ ၅ သန်းသည်လည်း လက်ရှိတွင် ပြည့်မီခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်း ပဲစတင်ပေါ်ချိန်၌ပင် မတ်ပဲနှင့် ပဲစင်းငုံများ ပြည်ပတင်ပို့သည့် FOB ဈေးနှုန်းများ ဈေးကောင်းရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မတ်ပဲတန်ချိန် ၈ သိန်းခန့်အထိ တင်ပို့ထားကာ လက်ကျန်တန်ချိန် ၈၀,၀၀၀ ခန့်သာ ကျန်ရှိတော့သည်။ ပဲတီစိမ်းတန်ချိန် ၄ သိန်းခွဲနီးပါးတင်ပို့ထားသလို ပဲစင်းငုံတန်ချိန် ၂ သိန်းခွဲကျော်တင်ပို့ထားပြီး တန်ချိန် ၂၀,၀၀၀ ခန့်သာကျန်ရှိကြောင်း သိရသည်။
“အခုလည်း ပဲတီစိမ်းက မြန်မာနိုင်ငံမှာ ပြည်တွင်းလက်ကျန်မရှိသလောက်ပဲ။ တော်တော်ရှားသွားပြီ။ ဒီနှစ်ကတော့ အဓိက ပဲကြီးသုံးမျိုးပေါ့။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ပဲကြီးသုံးမျိုးကလေ နိုင်ငံခြားကို တော်တော်လည်းရောင်းရတယ်။ ပြည်တွင်းမှာ လက်ကျန်တွေကမရှိသလောက်ပဲ။ နောက်ပေါ်မယ့်ပဲတောင် စောင့်ပြီးတော့ ရောင်းရမယ့်သဘောရှိတယ်” ဟု ဒေါက်တာမျိုးလွင်က ပြောသည်။
ပြည်တွင်း၌ ပြည်ပဈေးကွက်ဝင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ ဈေးနှုန်းများ တစ်နှစ်အတွင်း အမျိုးအစားလိုက် ၃၅ ရာခိုင်နှုန်းကျော်မှ ၅၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး မတ်ပဲတစ်တန် ကျပ်သိန်း ၄၀ ကျော်သို့ ရောက်ရှိခဲ့သလို ပဲစင်းငုံတစ်တန် ကျပ်သိန်း ၅၀ ကျော်အထိ မြင့်တက်ခဲ့မှုများရှိခဲ့ကြောင်း ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းတွင် ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။
လက်ရှိတွင် ပြည်ပသို့ ပဲတင်ပို့ရာတွင် FOB ဈေးနှုန်းများအရ အမျိုးအစားအပေါ်မူတည်ကာ မတ်ပဲတစ်တန်လျှင် ဒေါ်လာ ၉၀၀ မှ ၁,၁၂၀ ကျော်ကြား၊ ပဲစင်းငုံတစ်တန်လျှင် ဒေါ်လာ ၉၁၀ မှ ၁,၂၆၀ ကြားနှင့် ပဲတီစိမ်းတစ်တန်လျှင် ဒေါ်လာ ၇၀၀ မှ ၉၉၀ ကြားရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲအမျိုးအစားများ နိုင်ငံခြားဈေးကွက်တွင် ရောင်းအားကောင်းနေပြီး ပြည်တွင်း၌ ပဲစိုက်ပျိုးတောင်သူ ပိုများလာခဲ့သလို အထွက်နှုန်းများလည်း ယခင်ထက်ပိုကောင်းခဲ့ကြောင်း ဒေါက်တာမျိုးလွင်က ပြောသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ပြည်ပသို့ အဓိကတင်ပို့သည့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ စိုက်ပျိုးမှုမှာလည်း ပဲမျိုးစုံစိုက်ပျိုးဧက၏ ၇၂ ရာခိုင်နှုန်းရှိသည်။
ပုံစာ- ပဲခူးတိုင်းအတွင်းရှိ မတ်ပဲစိုက်ခင်း၊ မတ်ပဲရိတ်သိမ်းနေမှုနှင့် ဘုရင်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ထားသည့် ပဲဈေးနှုန်းများကို တွေ့ရစဉ်။