◾ နျူလက်နက်မပိုင်သည့်နိုင်ငံက နျူလက်နက်ပိုင်နိုင်ငံအကူအညီဖြင့် တိုက်ခိုက်လာလျှင် ပူးပေါင်းတိုက်ခိုက်ခြင်းဟု ရုရှားက မှတ်ယူမည်
၂၀.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှားနိုင်ငံ၏နောက်ဆုံး နျူကလီးယားဆိုင်ရာ အယူဝါဒကို အတည်ပြုသည့်အမိန့်တစ်ရပ်ကို နိုဝင်ဘာ ၁၉ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားအစိုးရထံမှ သတင်းများအရ သိရသည်။
ရုရှားအစိုးရဝက်ဘ်ဆိုတ်တွင် အဆိုပါအမိန့်ကိုဖော်ပြထားပြီး အမိန့်၌ ရုရှားနိုင်ငံအား စစ်ရေးပူးပေါင်းဖွဲ့စည်းမှုတစ်ရပ် (သို့မဟုတ်) စစ်အုပ်စုတစ်ခုတွင်ပါသည့် မည်သည့်နိုင်ငံတစ်နိုင်ငံကဖြစ်စေ (သို့မဟုတ်) အဆိုပါ စစ်အုပ်စုအဖွဲ့၏ မဟာမိတ်များကဖြစ်စေ ရန်လိုတိုက်ခိုက်လာလျှင် စစ်အုပ်စုတစ်ခုလုံးက တိုက်ခိုက်ခြင်းဟု မှတ်ယူမည်ဖြစ်ကြောင်းနှင့် နျူကလီးယားလက်နက်မပိုင်သော နိုင်ငံတစ်ခုက နျူကလီးယားလက်နက်ပိုင်ဆိုင်သော နိုင်ငံကြီးတစ်ခု၏ ပါဝင်ပတ်သက်မှု (သို့မဟုတ်) ထောက်ပံ့မှုဖြင့် တိုက်ခိုက်လာပါကလည်း ရုရှားနိုင်ငံကို အတူတကွပူးပေါင်းတိုက်ခိုက်မှုအဖြစ် မှတ်ယူရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အဆိုပါအမိန့်အရ နျူကလီးယားလက်နက်များကို ရုရှားအနေနှင့် ဟန့်တားရန်နည်းလမ်းတစ်ရပ်အဖြစ်ရှုမြင်ပြီး နောက်ဆုံးအသုံးပြုအားထားရမည့် အင်အားဆောင်ရွက်မှုအဖြစ် ယူဆကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ဖြင့်ခြိမ်းခြောက်မှုကိုလျော့ကျရန်နှင့် နျူကလီးယားစစ်ပွဲအပါအဝင် စစ်ရေးပဋိပက္ခများကို ဦးတည်စေနိုင်သော နိုင်ငံချင်းတင်းမာမှုများ တိုးမြင့်လာခြင်းအား တားဆီးရန်လိုအပ်သော ဆောင်ရွက်မှုများအားလုံး ပြုလုပ်သွားမည်ဟု ဖော်ပြထားကြောင်းလည်း သိရသည်။
အဆိုပါအမိန့်အရ နျူကလီးယားဟန့်တားမှုက ရန်သူဟုဆိုနိုင်သော၊ ရန်သူဖြစ်လာနိုင်သူများကို ရည်ရွယ်ခြင်းဖြစ်၍ နျူကလီးယားလက်နက်များ (သို့မဟုတ်) သိသာသောစစ်ရေးစွမ်းဆောင်ရည်များပိုင်ဆိုင်လျက် ရုရှားနိုင်ငံကိုလည်း ရန်သူအဖြစ်ရှုမြင်နေသော နိုင်ငံ(သို့မဟုတ်)စစ်အုပ်စုများကို ဆိုလိုကြောင်းလည်း သိရသည်။
ထို့ပြင် အမိန့်၌ နျူကလီးယား ဟန့်တားမှုက ရုရှားနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန်အတွက် ပိုင်နက်နယ်မြေနှင့် အရင်းအမြစ်များကို အသုံးချခွင့်ပေးနေသော နိုင်ငံများကိုလည်း ရည်ရွယ်သည်ဟု ဖော်ပြခဲ့သည်။
Ref- People’s Daily China