၂၀. ၁၁. ၂၀၂၄
Written by Nay Moe
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းထဲ “ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် – UWSA ဝင်ရောက်ခဲ့တဲ့ တန့်ယန်းမြို့နယ်အတွင်း ကျားဖျန် (ခေါ်) အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်အစိုးရအာဏာပိုင်တွေ လက်ထဲ လွှဲပြောင်းခဲ့တယ်လို့ UWSA ထိန်းချုပ်ထားတဲ့ Wa News Land က ထုတ်ပြန်ဖော်ပြလာပါတယ်။
“ဝ” တပ်ဖွဲ့ – UWSA တပ်စွဲ ကင်းလှည့်နေတဲ့ တန့်ယန်းနယ်မြေအနီးတစ်ဝိုက်မှာ ကျားဖျန်လုပ်ငန်းနဲ့ ပတ်သက်ပြီး သတင်းရရှိခဲ့ပြီးနောက် တာဝန်ရှိသူတွေက သွားရောက်ဖမ်းဆီးခဲ့ပြီး အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့သလို ကျားဖျန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးနဲ့အတူ ဂြိုဟ်တု အင်တာနက် (starlink) ၇၆ ခု၊ ဖုန်း ၁၅၄၉ လုံး၊ ကွန်ပျူတာ ၈၂ လုံးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းမိသူတွေကို UWSA က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ “ဝ” ပြည်နယ် တရားရေးကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ဆီကို တန့်ယန်းမြို့ရှိ “ဝ” ကိုယ်စားလှယ်တွေက ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၇၆၂ ဦးနဲ့အတူ၊ သက်သေပစ္စည်းတွေကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး “ဝ” ပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော် – UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက “UWSA လှုပ်ရှားတဲ့ တန့်ယန်းနယ်မှာ ၁၀၀၀ ကျော်ဖမ်းမိပါတယ်။ ၇၆၂ ယောက်က တရုတ်ပြည်ကတရုတ်လူမျိုးပါ။ မိုင်းမောခရိုင် ပန်ဝိုင်မြို့နယ်မှာရှိတဲ့ ဒီယုံးဟော့ နယ်ခြားဂိတ်မှာ လွှဲပြောင်းပေးခဲ့ပါတယ်”လို့ “ဝ” လူငယ့်အသံ ကွန်ရက်ကိုပြောတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။
Photo & Ref wanewsland