◾ မှောင်ခိုလမ်းကြောင်းကသာ ကုန်စည်အချို့ကိုနားလည်မှုနဲ့ တင်ပို့၊ တင်သွင်းလို့ စရိတ်စကမြင့်မားမှုနဲ့ ကုန်ပစ္စည်းပြတ်လပ်မှု အခက်အခဲတွေကိုလည်း ဒေသခံကုန်သည်တွေနဲ့ ပြည်သူတွေက ရင်ဆိုင်နေရ
၂ဝ-၁၁-၂ဝ၂၄
Written by K Pyay Thein
ရခိုင်၊ ချင်းလက်နက်ကိုင်တွေနဲ့ PDF တွေ ဆင်နွှဲနေတဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် အိန္ဒိယဘက်က ဂိတ်တွေကို ပိတ်ထားလို့ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ယနေ့အထိ ရပ်တန့်နေပြီး မှောင်ခိုလမ်းကြောင်းကသာ ကုန်စည်အချို့ကို နားလည်မှုနဲ့ တင်သွင်းတင်ပို့နေရလို့ စရိတ်စကကြီးမြင့်လာမှုနဲ့ ကုန်ပစ္စည်းပြတ်လပ်မှု အစရှိတဲ့ အခက်အခဲတွေကိုလည်း ဒေသခံကုန်သည်တွေနဲ့ ပြည်သူတွေက ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ MT News က စုံစမ်းသိရှိရပါတယ်။
“နယ်စပ်ဂိတ်တွေက အခုထိ ပြန်မဖွင့်သေးဘူးလေ။ အိန္ဒိယဘက်က ပိတ်ထားတယ်။ ဒီဘက်ကလည်း ပို့လို့မရသလို၊ ဟိုဘက်ကလည်း ကုန်တွေအဝင်မခံဘူး။ တစ်ခါတလေမှသာ နားလည်မှုနဲ့ သူတို့ဘက်ကပို့လာတဲ့ ကုန်စည်တွေ ရံဖန်ရံခါဝင်လာတတ်တယ်။ ဒါပဲရှိတယ်။ နယ်စပ်ကုန်သွယ်ရေးက ဒီနေ့အထိ ဘာမှလုပ်မရတာပေါ့။ ရပ်တန့်နေပါသေးတယ်။ အခုကဘယ်လိုပြောမလဲ အခြားဂိတ်ပေါက်လေးတွေက နားလည်မှုနဲ့ တချို့ကုန်စည်လေးတွေကို ခိုးသွင်း၊ ခိုးပို့နေတာတွေတော့ရှိတယ်။ ဒါကလည်း အမြဲတမ်း မဟုတ်ဘူး။ ပြောရရင် တရားမဝင်လမ်းကြောင်းကနေပေါ့လေ။ အဲ့လိုလေးတွေတော့လုပ်နေရတာရှိတယ်။ ဒါကလည်း မှောင်ခိုလမ်းကြောင်းဆိုတော့ မလွယ်ကူပါဘူး။ ပို့ရ၊ သွင်းရတာ အဆင်မပြေဘူး။ အခု အိန္ဒိယဘက်ကလည်း ဒီဘက်ကကုန်ဆို ဘာမှအဝင်မခံဘူး။ တစ်ခါတရံ ပို့လို့ရရင်လည်း သူတို့ဘက်က အတော်လေးစိစစ်တာရှိတယ်။ ကြပ်မတ်တာတွေရှိတယ်။ အခုသူတို့ဘက်မှာလည်း ရွေးကောက်ပွဲတွေ ဘာတွေ လုပ်ဖို့ရှိတယ် ပြောတယ်။ အခုအထိတော့ နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်လို့ နယ်စပ်ဂိတ်တွေပြန်ဖွင့်ဖို့နဲ့ ပတ်သက်လို့ ဘာမှတိတိကျကျ မသိရသေးဘူး။ မကြားရသေးပါဘူး။ ကုန်သည်တွေလည်း ကိုဗစ်ကာလထဲက ဒီနေ့ကာလအထိ လုပ်ငန်းတွေဘာမှလုပ်လို့မရသေးပါဘူး”လို့ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသဖြစ်တဲ့ တမူးမြို့မှာနေထိုင်တဲ့ ဒေသခံနယ်စပ်ကုန်သည်တစ်ဦးက MTNews ကို ပြောပြပါတယ်။
ဒါ့အပြင် လက်ရှိကာလမှာ ကလေး-တမူးဒေသဘက်တွေမှာဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ နယ်မြေဒေသလမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကြောင့် တမူးဒေသဘက်ကနေ မြန်မာပြည်အောက်ပိုင်းဘက်တွေကို ကုန်စည်တင်ပို့ရာမှာလည်း အချိန်အားဖြင့် လနဲ့ချီကြာမြင့်တတ်သလို တင်ပို့ရတဲ့ ကုန်ပစ္စည်းတန်ဆာခ စရိတ်စကတွေဟာလည်း ယခင်ထက်ပိုမိုကြီးမြင့်လာခဲ့တယ်လို့ ဒေသခံကုန်သည်တွေက ပြောပါတယ်။
“အခုဒီကနေ အောက်ဘက်ကိုကုန်တွေပို့ဖို့တောင် မလွယ်ဘူးပေါ့။ တစ်ခါပို့ရင်လည်း လနဲ့ချီပြီး ကြာတတ်တယ်။ နောက်ပြီး ပို့ရတဲ့စရိတ်စက ကုန်တန်ဆာခတွေက တမူး- ကလေးကို ကလေးဘက်ကပို့မယ်ဆိုရင်တောင် ပေးရတဲ့ပိုက်ဆံက ဒီကနေ ရန်ကုန်လောက်ကို ပို့တဲ့အခါ ပေးရတဲ့ စရိတ်လောက် သွား ဖြစ်နေတယ်။ ဒီကာလအပိုင်းအခြားက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ဘယ်လိုမှမလွယ်ဘူးလို့ ပြောရမှာပါ”လို့ ဒေသခံနယ်စပ်ကုန်သည်တစ်ဦးကထပ်လောင်းပြောပြခဲ့ပါတယ်။
ဒေသတွင်းသတင်းတွေအရ အိန္ဒိယနိုင်ငံဘက်က တမူး-မိုးရေးနယ်စပ်ဂိတ်ကို ကိုဗစ်ကာလထဲက ပိတ်ထားသလို၊ချင်းပြည်နယ်အတွင်းက နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ ရိဒ်နယ်စပ်ဂိတ်ကိုလည်း ယနေ့ကာလအထိ ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒီလို တရားဝင်ကုန်သွယ်မှုလမ်းကြောင်းတွေဖြစ်တဲ့ နယ်စပ်ဂိတ်တွေကိုပိတ်ထားတာကြောင့် လက်ရှိကာလမှာ နှစ်နိုင်ငံလုံးမှာရှိကြတဲ့ နယ်စပ်ဒေသတွေမှာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ အခြေခံစားသောက်ကုန်ပြတ်လပ်တာတွေ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်တွေကိုလည်း ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြမှုအရ သိရှိရပါတယ်။