၂၀. ၁၁. ၂၀၂၄
Written by Nay Moe
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာမှာ PDF သုံးဦး သေဆုံးခဲ့တယ်လို့ ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ နိုဝင်ဘာ ၂၀ ရက်မှာ အသိပေးလာပါတယ်။
ဖြစ်စဥ်က နိုဝင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အတွင်း စစ်ကြောင်းထိုးရှင်းလင်းနေတဲ့ တပ်မတော်နဲ့ PDF တွေအကြား ရေနံချောင်းမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ တိုက်ပွဲအသေးစိတ်ကိုတော့ ဆက်လက်ဖော်ပြမှာလို့ပဲ ပြောထားပါတယ်။
ဒါပေမဲ့ တပ်မတော်နဲ့နီးစပ်တဲ့ တယ်လီဂရမ်တွေမှာ ဖော်ပြထားသလို PDF တွေဆီက MA – 3 တစ်လက်နဲ့ ကျည်ဘောက်လေးခု 5.56 ကျည်တောင့် ၁၀၀ ဖမ်းမိတယ်ဆိုတာက မမှန်ဘူးလို့လည်း ရေနံချောင်းပကဖက ငြင်းဆိုထားပါတယ်။
နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၈ ရက် တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ PDF သုံးဦးကိုတော့ အလောင်းမီးရှို့လိုက်ပြီး “နောင်ဘဝ ဒီလိုအဖြစ်မျိုးနဲ့ ဝေးပါစေ ညီလေးတို့”လို့ ဆုတောင်းရင်း ရေနံချောင်းပကဖက My Day မှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်တဲ့ Telegram Channel တချို့မှာ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဆန်းကန်ကြီးကျေးရွာဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်အင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ PDF ကျား ၃ လောင်း၊ အမ်အေ(၃) ၁ လက်၊ ကျည် ၁၀၀ တောင့်၊ အီနာဂါ(ပို့ကျည်ပါ) ၁ လုံး၊ ကျည်အိမ် ၃ ခု၊ ကျည်ကာဦးထုပ် ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်နဲ့ လျှပ်စစ်ဒီတိုနေတာ ၆ ချောင်း သိမ်းဆည်းရမိခဲ့တယ်လို့ ပုံနဲ့တကွ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။