၂၀ .၁၁. ၂၀၂၄
Written by Hey Mar
ပဲခူးရိုးမတောင်ပေါ်ဒေသက မွေးစားမိဘတွေရဲ့ ရိုက်နှက်နှိပ်စက် မုဒိမ်းကျင့်တာခံရတဲ့ ငါးနှစ်အရွယ်သမီးငယ်က နှိပ်စက်ခံထားရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ် အသည်း၊ ကျောက်ကပ်နဲ့ အဆုတ်ထိခိုက်ဒဏ်ရာတွေကြောင့် တောင်ငူဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူနေရပြီး သူ့ရဲ့အမှုကို အုတ်တွင်းခရိုင်တရားရုံးက မနက်ဖြန် နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဒုတိယအကြိမ် စစ်ဆေးမယ်လို့ မီးငယ်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေဦးခိုင်ဇော်ထွန်းက MT News ကို ပြောပါတယ်။
မီးငယ်ရဲ့အမှုကို ပထမအကြိမ် ကြားနာစစ်ဆေးတုန်းက တရားခံတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ မရှိခဲ့ဘဲ အခု ဒုတိယအကြိမ်မှာလည်း လက်ရှိအချိန်အထိ ရှေ့နေမရှိသေးကြောင်းလည်း သိရပါတယ်။ မွေးစားမိဘနှစ်ဦးဖြစ်တဲ့ တင်ဇော်ဝင်းနဲ့ ဇနီးက ကလေးငယ်ရဲ့ ကိုယ်အင်္ဂါပျက်စီးသည်အထိနှိပ်စက်ကာ မွေးစားဖခင်ဆိုသူက မုဒိမ်းကျင့်တာပါခံလိုက်ရတဲ့ ပဲခူးရိုးမ တောင်ပေါ်ဒေသက အသက်ငါးနစ်အရွယ် သမီးငယ်ရဲ့ အမှုကို ပဲခူးတိုင်းဒေသကြီး အုတ်တွင်းရဲစခန်းက တရားခံတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
မွေးစားမိဘတွေဖြစ်တဲ့တရားခံ တင်ဇော်ဝင်းနဲ့ ဇနီးကို အုတ်တွင်းရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ရာဇသတ်ကြီး ပုဒ်မ ၃၄ (ပူးပေါင်းကြံစည်မှု) နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၁၄(အားပေးကူညီမှု)တို့နဲ့ တရားစွဲဆိုထားပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ နှစ်ရက်နေ့ ရုံးထုတ်စစ်ဆေးရာမှာတော့ တရားလိုအဘိုးဖြစ်သူရဲ့ ထွက်ဆိုချက်ကို ရယူထားကာ မနက်ဖြန်နိုဝင်ဘာ ၂၁ ရက်မှာတော့ တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးမှာလို့လည်း သိရပါတယ်။
ကျူးလွန်ခံရသူ သမီးငယ်ရဲ့ တွေ့ရှိထားတဲ့ ပြင်ပဒဏ်ရာတွေနဲ့ ကလေးရဲ့ ထွက်ဆိုပြောပြချက်တွေက မွေးစားအဖေက အိမ်မှာတစ်ခါ တောထဲမှာတစ်ခါ ပြုကျင့်ကြောင်း၊ ထမင်းခိုးစားလို့ဆိုကာ မျက်နှာကိုဓားနဲ့ ခုတ်ကြောင်း၊ ပါးစပ်ထဲကိုရေနွေးပူလောင်းထည့်ကြောင်း၊ လက်ကို မီးနဲ့ ရှို့ကြောင်း၊ ထမင်းအငတ်ထားကြောင်း၊ မျက်နှာကိုလက်သီးနဲ့ထိုးတာကြောင့် သွားတွေကျိုးပြီးသွားဖုံးတွေကွဲသွားကြောင်း စသဖြင့် ပြောပြပြီး မြင်သာတဲ့ ဒဏ်ရာတွေအပါအဝင် ကလေးငယ်မှာ ဒဏ်ရာအမြောက်အများ ရရှိထားတာကို တွေ့မြင်ရတာပါ။