၂၀. ၁၁. ၂၀၂၄
Written by Nay Moe
တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ကရင်နီတပ်မတော်(KA)က စစ်ရေးချုပ်အဆင့်ရှိတယ်ဆိုတဲ့ ဒုဗိုလ်မှူးကြီးမယ့်ရယ်(ခူးဖဲဟာ)အပါအဝင် သုံးဦးကို မနေ့က သင်္ဂြိုဟ်လိုက်ပါတယ်။
အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးတယ်ဆိုတဲ့ ကရင်နီတပ်မတော်ဟာ အကျအဆုံးနည်းတယ်ဆိုပြီး ဝံ့ကြွားမှုတွေရှိပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကယားပြည်နယ်က တိုက်ပွဲတစ်နေရာဖြစ်တဲ့ တောင်ကတုံးတိုက်ပွဲအတွင်း နိုဝင်ဘာ ၁၇ ရက်က လေကြောင်းတိုက်ခိုက်ခံရချိန်မှာ စစ်ရေးချုပ်ရာထူးအထိ တက်လှမ်းနိုင်မယ်လို့ မျှော်လင့်ထားတဲ့ KA တပ်ရင်း(၃)က ဒုဗိုလ်မှူးကြီး ဗိုလ်မယ့်ရယ်၊ ရဲဘော် ဘူးရယ်၊ ရဲဘော် ခူးလာဖောတို့ဟာ သေဆုံးခဲ့တာဖြစ်ပြီး သူတို့ စျာပနာအခမ်းအနားကိုတော့ မနေ့က နိုဝင်ဘာ ၁၉ ရက်မှာ ပြုလုပ်ခဲ့တာပါ။
မယ့်ရယ်ဟာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ IEC ရဲ့ ဥက္ကဋ္ဌ ခူဦးရယ်နဲ့ စစ်သင်တန်းအတူတက်ခဲ့သူဖြစ်ပြီး တိုက်ပွဲမှာ သေဆုံးမှုအပေါ်”ဗိုလ်မှူးမယ်က သူ့ရဲဘော်တွေကို ကောင်းစွာထိန်းချုပ်ပြီး ဗျူဟာဆရာကျကျ တိုက်ပွဲတွေဖော်ဆောင်ခဲ့တယ်။ ခုလိုလူတစ်ယောက်နဲ့အတူ အားကိုးရတဲ့ ရဲဘော်တချို့ပါ ကျဆုံးသွားရတော့ ရင်ထဲမှာ ဖော်မပြတတ်အောင်ဝမ်းနည်းရတယ်”လို့ KNDF တပ်ဖွဲ့ဝင် Zoekai Aquarium Z အကောင့်ပိုင်ရှင်က ဖော်ပြထားသလို KNDF စစ်ရေးချုပ်ခူရီးဒူကလည်း “မိုးစက် ( Moe Z ) က ချန်ထားခဲ့ပြီးပြီ။ ဗိုလ်မှုး ရှိနေပေးတော့ အားရှိတယ်။ ခရီးအများကြီးရှေ့ဆက်နိူင်ခဲ့တယ် ဗိုလ်မှုး။ ခုတော့ ဘာလုပ်ပြီး ဘယ်ကိုခရီးဆက်ရမလဲ??? ဒီအတိုင်းပဲ ချန်ထားခဲ့ကြတော့မို့လို့လာ??”လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒါပေမဲ့ ကရင်နီတွေအတွက် အားထားရတဲ့သူသုံးဦးသေဆုံးမှုနဲ့ပတ်သက်ပြီး KNPP နဲ့ KA တို့က သတင်းထုတ်ပြန်ခြင်းမရှိသလို တခြားသောအဖွဲ့အစည်းတွေကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့တာတောင်မရှိဘဲ စျာပနကို တိုးတိုး တိတ်တိတ်သာ လုပ်ဆောင်ခဲ့တဲ့သဘော တွေ့ရပါတယ်။