၆. ၁. ၂၀၂၃
Written by Naing Thuta
အမရပူရမြို့နယ်ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် ပါဝါဘဏ် အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဇန်နဝါရီလ ၅ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၅ ရက် ည ၁၀ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ဧဇရပ်(ဒေသအခေါ်) စစ်ကိုင်း-မန္တလေး ကားလမ်းဘေး၌ရှိသော HTET Mobile ဆိုင်တွင် ပါဝါဘဏ် အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“စစ်ကိုင်း-မန္တလေးလမ်းပေါ်က တစ်ထပ်တိုက် ဖုန်းရောင်းနေတဲ့ဆိုင်မှာ မီးလောင်သွားတာ။ ပါဝါဘဏ်ကို အားသွင်းထားရာကနေ အပူလွန်ကဲပြီး မီးစလောင်ခဲ့တာလို့ ပြောသံကြားတယ်။ ဆိုင်ထဲက ဖုန်းတွေနဲ့ အပိုပစ္စည်းတွေတော့ မီးကူးစက်လောင်ကျွမ်းသွားသေးတယ်”ဟု ဖုန်းဆိုင်အနီးနေထိုင်သူတစ်ဦး ဆိုသည်။
အဆိုပါမီးလောင်ရာသို့ အမရပူရမြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်ဖြိုးထက် ဦးစီးပြီး သန္ဓေနှင့်အရံမီးသတ်တပ်ဖွဲ့ ၄၂ ဦးတို့မှ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မီးငြှိမ်းသတ်ယာဥ် (၃)စီး၊ရေသည်ယာဥ် (၂)စီး၊ ရေဂါလံ (၃၅၀၀)တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး ၁၀ နာရီ ၄၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၁၀ နာရီ ၄၃ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ပြောပြချက်အရ သိရသည်။
ထိုမီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး ကျပ် ၁၀ သိန်းခန့် ပျက်စီးဆုံးရှုံးသွားပြီး သက်ဆိုင်ရာမှ ဖုန်းဆိုင်ပိုင်ရှင်အမျိုးသားလူငယ်အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။