၂၀ .၁၁. ၂၀၂၄
Written by Hey Mar
အိမ်ခြေမဲ့တစ်ဦးလို့ ယူဆရတဲ့ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ယောက်ျားလေးတစ်ဦး မနေ့က ၁၉ ရက်နေ့ ညသန်းခေါင်အချိန်မှာ ယာဉ်တိုက်ပြေးခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမှာဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က နိုဝင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်အကူးအချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်သွားတဲ့ကားနဲ့ ကလေးရဲ့ မိသားစုကို သက်ဆိုင်ရာ စုံစမ်းရှာဖွေနေတယ်လို့လည်း သိရပါတယ်။ ယာဉ်တိုက်ခံရတဲ့ ကလေးရဲ့ ပုံသဏ္ဍာန်နဲ့၊ အတိုက်ခံရတဲ့အချိန် အပြင်ကို ရောက်နေတာကို တွက်ဆပြီး လတ်တလောမှာ အိမ်ခြေမဲ့လို့ ခန့်မှန်းထားတာဖြစ်ကြောင်းလည်း ရုပ်အလောင်း သွားရောက်ကူညီကောက်ယူခဲ့တဲ့ အရိုးကုန်းလူမှုကူညီရေးအဖွဲ့က ရှင်းပြပါတယ်။
“ကလေးရဲ့ ဒဏ်ရာတွေက အရိုးတွေ ကျိုးပဲ့၊ မျက်နှာပျက်စီးသွားတယ်။ တာဝန်ရှိသူတွေ သုံးသပ်တာတော့ ကားထဲ ညပ်ပါသွားပြီးမှ ပြုတ်ကျခဲ့ဟန် တူတယ်လို့ ပြောတယ်။ ကျွန်တော်တို့က သက်ဆိုင်ရာက စစ်ဆေးပြီးလို့ အလောင်းလာကောက်ဖို့ ခေါ်လို့သွားတာပါ” လို့ MT News က ဆက်သွယ် မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူ ကလေးငယ်ရဲ့ရုပ်အလောင်းကို အရိုးကုန်းလူမှုကူညီရေးအသင်းပိုင်ယာဉ်နဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံဆီပို့ဆောင်ပေးခဲ့ကာ ဆေးရုံက PR -87 နဲ့ လက်ခံထားတယ်လို့ သိရပါတယ်။