၂၀. ၁၁. ၂၀၂၄
Written by Nyein Kyaw
မိုးရာသီကာလတွင် မိုးများခဲ့၍ သင်္ဘောတင်ရန် နောက်ကျခဲ့သော ဆန်နှင့်ဆန်ကွဲများကိုပါ အပြီးသတ်တင်ပို့ခဲ့ရခြင်းကြောင့် အောက်တိုဘာလတွင် တန်ချိန် ၄ သိန်းကျော်အထိ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်လများတွင် ယခုဘဏ္ဍာနှစ်လျာထားချက် လစဉ်တန်ချိန် ၂ သိန်းအတိုင်းသာ ပြည်ပသို့ တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ တစ်လလျှင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော် တင်ပို့နိုင်ရန် လျာထားခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလဆက်တိုက် ပြည့်မီခဲ့ခြင်းမရှိပေ။ ဩဂုတ်လဆန်းပိုင်းတွင် ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုခဲ့ပြီးနောက် အဆိုပါ ဩဂုတ်လမှစတင်၍ တန်ချိန် ၂ သိန်းကျော်ပြည့်မီခဲ့သလို အောက်တိုဘာလတွင် တန်ချိန် ၄ သိန်းကျော်အထိ တင်ပို့နိုင်ခဲ့သည်။
ယင်းအခြေအနေများကြောင့် ယခုဘဏ္ဍာနှစ် လက်ကျန်လများတွင် ဆန်နှင့်ဆန်ကွဲ ပိုမိုတင်ပို့သွားနိုင်မည့် အခြေအနေနှင့် ပတ်သက်ပြီး MT News မှ မေးမြန်းမှုအပေါ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူက “စက်တင်ဘာ၊ အောက်တို ဘာမှာများတာက မေ၊ ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ မိုးများလို့ သင်္ဘောတင်ဖို့ နောက်ကျနေတာတွေကို စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ တင်ပို့ပြီးစီးသွားလို့များတာ။ အဲဒီနှစ်လမှာ ဆန်နဲ့ဆန်ကွဲတင်ပို့မှုက များသွားခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့လတွေမှာတော့ လစဉ် Target Export က တန်ချိန် နှစ်သိန်းပါပဲ” ဟု ဖြေကြားခဲ့သည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ လစဉ်တင်ပို့နိုင်ခဲ့မှုမှာ ဧပြီလတွင် တန်ချိန် ၁၁၀,၀၀၀ ကျော်၊ မေလတွင် တန်ချိန် ၇၁,၀၀၀ ကျော်၊ ဇွန်လတွင် ၁၆၂,၀၀၀ ကျော်၊ ဇူလိုင်လတွင် တန်ချိန် ၁၆၅,၀၀၀ ကျော်၊ ဩဂုတ်လတွင် တန်ချိန် ၂ သိန်းကျော်၊ စက်တင်ဘာလတွင် တန်ချိန် ၂၂၀,၀၀၀ နီးပါး၊ အောက်တိုဘာလတွင် တန်ချိန် ၄၂၀,၀၀၀ ကျော် တင်ပို့ခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၃၆၂ သန်း တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၆၄၇ သန်းရရှိထားသည်။ အဆိုပါပမာဏသည် ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်၏ ၅၄ ရာခိုင်နှုန်းကျော်အထိ တင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်သည်။