၁၉. ၁၁. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲရမည့်ငွေကြေးများကို အကြမ်းဖက်သမားများ ဖျက်စီးခဲ့သည်များ ပြန်လည်တည်ဆောက်ရေးနှင့် ထူထောင်ရေးတို့တွင် သုံးစွဲနေရခြင်းကြောင့် နိုင်ငံတော်အတွက် ထိခိုက်နစ်နာခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ပြောကြားသည်။
သဘာဝဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ လူတို့၏ လုပ်ဆောင်မှုများကြောင့် နိုင်ငံတော်အတွင်း လမ်း၊ တံတားများ၊ စာသင်ကျောင်းများနှင့် အဆောက်အဦများ ကြီးမားစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုရှိကြောင်း၊ အကြမ်းဖက် သမားများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဆောက်အဦများ၊ လမ်းတံတားများကို ဆင်ခြင်တုံတရားမဲ့စွာ မိုက်လုံးကြီးစွာဖြင့် ဖျက်ဆီးလျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
၎င်းတို့ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့ရသည်များကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်နေရသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ရှေ့သို့မရောက်နိုင်ဖြစ်နေရကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် သုံးစွဲရမည်ငွေကြေးများကို ပြန်လည်ထူ ထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲကုန်ကျနေခြင်းသည် နိုင်ငံတော်အတွက် ထိခိုက်နစ်နာစေခြင်းပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြခြင်းသည် ပြည်ပမှ သွေးထိုးမြှောက်ပင့်ပေးမှုများနှင့် အသိ ပညာအတတ်ပညာအားနည်းခြင်း၊ ဝေဖန်ပိုင်းခြားနိုင်မှု အားနည်းခြင်းများကြောင့်ပင်ဖြစ်ကြောင်း၊ ပညာရေးအရ အားနည်းသည့်ဒေသများ၌ အကြမ်းဖက်မှုများ၊ ဒုစရိုက်မှုများ ပိုမိုဖြစ်ပေါ်နေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် မိမိတို့အနေဖြင့် အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကိုပုံဖော်ပေးနိုင်ရေး ပညာရေးကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အတန်းပညာရှိမှသာ အတတ်ပညာများရရှိမည်ဖြစ်ပြီး စဉ်းစား တွေးခေါ်မှုများရရှိမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။