၁၉. ၁၁. ၂၀၂၄
Written by Nyein Kyaw
လာမည့် ရွေးကောက်ပွဲတွင် Myanmar Electronic Voting Machine စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအား လုံခြုံရေးအရ အပိုင်းလိုက်ခွဲခြား၍ လည်း ပြုလုပ်နိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် ပြောကြားသည်။
လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုမရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အဓိကဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး တာဝန်ခွဲဝေ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် Myanmar Electronic Voting Machine စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင်လည်း အဆိုပါ မဲပေးစနစ်ကိုအသုံးပြုလျက်ရှိပြီး မဲစာရင်းမှန်ကန်စေရန်အတွက် အထောက်အကူ ပြုသည့်စနစ်တစ်ခုဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား လုံခြုံရေးအရ အပိုင်းလိုက်ခွဲခြား၍ လည်း ပြုလုပ်နိုင်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံ့လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ကောက်ယူရန် ကျန်ရှိနေသည့်နေရာများ၌ အတတ်နိုင်ဆုံးအနီးစပ်ဆုံးအထိ ရရှိအောင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်ကောက်ယူနိုင်မည်ဟု ခန့်မှန်းထားကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီများမှတ်ပုံတင်ခြင်းများကို ဥပဒေနှင့်အညီ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန်လိုအပ်ကြောင်း၊ လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေး အချိုးကျကိုယ်စားပြုစနစ် (PR)ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသားလွှတ်တော်တွင် ဖော်ဆောင်နိုင်ရေးဆောင်ရွက်နေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။