◾️ GMS အစည်းအဝေးတက်ရောက်သည့် ဝန်ကြီးချုပ်များအနက် မြန်မာဝန်ကြီးချုပ်နှင့်သာ တရုတ်ဝန်ကြီးချုပ်က သီးခြားတွေ့ဆုံခဲ့ပြီး မြန်မာအစိုးရဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ဟုပါ ပြောကြား
၁၉. ၁၁. ၂၀၂၄
Written by Nyein Kyaw
တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံဝန်ကြီးချုပ်အပါအဝင် တရုတ်နိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးနှင့် တွေ့ဆုံ၍ နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာဆွေးနွေးမှုရလဒ်များ ပေါ်ထွက်လာအောင် ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် ပြောကြားသည်။
မကြာသေးမီက မိမိဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ကူမင်းမြို့၌ ကျင်းပသည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာကြသည့် နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကူမင်းမြို့၊ ချုံချင့်မြို့နှင့် ရှန်းကျန့်မြို့တို့ရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့လေ့လာခြင်း စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများ အလိုက် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုရလဒ်များ ပေါ်ထွက်လာအောင်ဖော်ဆောင်နိုင်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ခရီးစဉ်အတွင်း GMS အစည်းအဝေးသို့ တက်ရောက်လာကြသည့်နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများဆောင်ရွက်စဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ မြန်မာနိုင်ငံဆောင်ရွက်နေသည့်အခြေအနေများ၊ နိုင်ငံအလိုက် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ နိုင်ငံတကာမျက်နှာစာများတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မိတ်ဆွေနိုင်ငံများမှ ထောက်ခံအား ပေးမှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အနေဖြင့် GMS အစည်းအဝေး တက်ရောက်သည့် ဝန်ကြီးချုပ်များအနက် မြန်မာဝန်ကြီးချုပ်နှင့်သာ သီးခြားတွေ့ဆုံမှု ပြုလုပ်ခဲ့သည်ကိုတွေ့ရကြောင်း၊ သီးခြားတွေ့ဆုံဆွေးနွေးစဉ် မိမိအနေဖြင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ပြောကြားခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထိုသို့ဆွေးနွေးစဉ် တရုတ်နိုင်ငံ ဝန်ကြီးချုပ်၏ ဆွေးနွေးချက်များမှ အဓိကကျသည့် ဆွေးနွေးချက်များမှာ မြန်မာနိုင်ငံအစိုးရ၏ ပြည်တွင်းတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံဘက်က အစဉ်အမြဲထောက်ခံအားပေးနေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် တက်တက်ကြွကြွထောက်ခံအားပေးပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုရှိစေရန်နှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်များကို ဆက်လက်တွန်းအားပေး ဆောင်ရွက်နေမှုကိုလည်း ထောက်ခံအားပေးကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်း အတည်ပြုကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ တရုတ် – မြန်မာနယ်စပ် ဒေသကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စီမံခန့်ခွဲအုပ်ချုပ်မှုများကို တရုတ်နိုင်ငံအနေဖြင့်အားပေးကြောင်း၊ တရုတ်ဘက်အနေဖြင့် မြန်မာနိုင်ငံနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် အတူတကွဖွံ့ဖြိုးတိုးတက်မှုရရှိလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် မိမိတို့အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် ပြတ်ပြတ်သားသား ရပ်တည်သည့် ပြောကြားချက်များပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း လိုအပ်သည့်ကူညီမှုများ ထောက်ပံ့ပေးမည့် အခြေအနေများနှင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ ကူညီမှုများဆောင်ရွက်ပေးမည့် အခြေအနေများနှင့်ပတ်သက်၍လည်း ပြောကြားခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။