၁၉.၁၁.၂၀၂၄
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက မြန်မာနိုင်ငံမှ ကိုးကန့် သူပုန်အုပ်စု(MNDAA) ခေါင်းဆောင် ဖုန်တာရွှင်ဟာ တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အတွင်း မှာ ဆေးကုသမှုခံယူနေခြင်းသာဖြစ်တယ်လို့ နိုဝင်ဘာလ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ ပြောကြားချက်က ဖုန်တာ့ရွှင်ကို တရုတ်အစိုးရက အိမ်အကျယ်ချုပ်ဖမ်းထားတယ်လို့ မီဒီယာတချို့ရဲ့ သတင်းလွှင့်ချက်တွေအပေါ် တုံ့ပြန်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက မြန်မာအမျိုးသားကိုးကန့်မဟာမိတ် တပ်ဖွဲ့ ခေါင်းဆောင် ဖုန်တာ့ရွှင်ဟာ တရုတ်နိုင်ငံကို ဆေးကုသဖို့လာခဲ့တာပါ။ အခုလည်း ကုသမှုခံပြီးတော့ နာလန်ထလာပါပြီလို့ နိုဝင်ဘာလ ၁၉ ရက်မှာ ပြောခဲ့ပါတယ်။
နိုဝင်ဘာလ ၁၈ ရက်က ပြည်ပြေးသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Now က ဖုန်တာ့ရွှင်ဟာ အောက်တိုဘာ လနှောင်းပိုင်းက တရုတ်အစိုးရအဆင့်မြင့်အရာရှိကြီးတစ်ဦးနဲ့ ဆွေးနွေးဖို့ ယူနန်ကိုဆင့်ခေါ်တာ ခံခဲ့ရပြီးကတည်းက တရုတ်အစိုးရရဲ့ ဖမ်းဆီးတာခံထားရတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်းကို မြန်မာနဲ့ ယူနန်ရှိ သတင်းအရင်းအမြစ်တွေကနေ ကိုးကားဖော်ပြတာလို့လည်း ဆိုပါတယ်။
သတင်းတွေက ကိုးကန့်သူပုန်အုပ်စုခေါင်းဆောင် ဖုန်တာ့ရွှင်ဟာ ယူနန်မှာရှိနေတုန်း မြန်မာနိုင်ငံက သူ့ရဲ့သူပုန်တပ်ဖွဲ့တပ်မှူးတွေနဲ့ ဖုန်းအဆက်အသွယ်လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ကိုးကန့်သူပုန်အုပ်စုက မဟာမိတ်ညီနောင်သုံးဖွဲ့လို့ခေါ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သူပုန်အုပ်စု သုံးအုပ်စုရဲ့ မဟာမိတ်အဖွဲ့မှာပါဝင်ပြီး ၂၀၂၃ ခုနှစ်က မြန်မာအစိုးရကို ပူးပေါင်းတိုက်ခိုက်မှုတွေကို ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ လုပ်ခဲ့ကြပါတယ်။
သူတို့က အကြမ်းဖက်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ PDF အဖွဲ့ဝင်တွေကို စစ်သင်တန်းလေ့ကျင့်မှု တွေပေးကာ မြန်မာနိုင်ငံရဲ့ တပ်မတော်အစိုးရကိုဖြုတ်ချနိုင်ဖို့ လုပ်ခဲ့ကြပါတယ်။
ဖုန်တာ့ရွှင်ဟာ MNDAA တပ်မှူးတစ်ယောက်အဖြစ် ၂၀၀၉ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ မြန်မာ့တပ်မတော်နဲ့ သူပုန်တွေအကြား ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားပြီး MNDAA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း က ယူနန်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိနေတဲ့ ကိုးကန့်ဒေသကို လက်လွှတ်ခဲ့ရပါတယ်။
Ref- SCMP