၁၉.၁၁.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာရှိ ကျွဲကောခြံတစ်ခြံတွင် နိုဝင်ဘာ ၁၉ ရက် နံနက်အစောပိုင်းက တောဆင်ရိုင်း ဝင်ရောက်ကာ တိုက်ခိုက်သဖြင့် ခြံစောင့် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၅၃ နှစ်အရွယ် ဒေါ်မခိုင်ဖြစ်ပြီး တောဆင်ရိုင်းတိုက်ခိုက်မှုကြောင့် ဝမ်းဗိုက်ပေါက်ထွက်ပြီး လက်နှင့်ခြေထောက်များ ကျိုးကြေကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
တောဆင်ရိုင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီးကြီး သေဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၈ ရက် ညပိုင်းက တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ဂျီအီးမြရတနာလမ်းတွင် နေအိမ်ထဲ ထမင်းစားနေသော အသက် ၇၄ နှစ်အရွယ် အဘိုးအိုကို တောဆင်ရိုင်းတစ်ကောင်က နှာမောင်းဖြင့် ရစ်ပတ်ကာ ကိုင်ပေါက်ခဲ့သဖြင့် ဒဏ်ရာများရရှိကာ သေဆုံးခဲ့သည်။
တိုက်ကြီးမြို့ လူသန့်အင်းရွာ၊ ရှောက်ပင်ကတ်ရွာနှင့် ကျေးရွာအချို့တို့တွင်လည်း တောဆင်ရိုင်းများ မကြာခဏ ဝင်ရောက်ကာ နေအိမ်များကို ဖျက်ဆီးနေသည်မှာ ကြာမြင့်နေပြီး ဆင်ဦးစီးများကို တောဆင်ရိုင်းများအား လာရောက်ခေါ်ဆောင်ပေးစေလိုကြောင်း ဒေသခံတစ်ဦးက ပြောသည်။
တိုက်ကြီးမြို့ မင်္ဂလာရပ်ကွက်ရှိ လူသန့်အင်းလမ်းနှင့် ဂျီအီးမြရတနာလမ်းတွင် သြဂုတ်လအတွင်း တောဆင်ရိုင်းဝင်ရောက်မှုကြောင့် နေအိမ်စုစုပေါင်း ၁၂ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။
ပုံစာ-တိုက်ကြီးမြို့ရှိ ကျေးရွာအချို့တွင် ဝင်ရောက်သော တောဆင်ရိုင်းကို မြင်တွေ့ရစဥ်။