၆.၁. ၂၀၂၃
Written by Thettant
တောင်ဒဂုံ၊ သစ်ဆိပ်တွင် နေထိုင်ပြီး Delivery ပို့ဆောင်သည့် အငှားယာဉ်မောင်း ကိုကျော်ထွန်းဝင်း ဇန်နဝါရီ ၄ ရက်ညပိုင်းက ပျောက်ဆုံးသွားသဖြင့် လိုက်လံရှာဖွေရှာ ဇန်နဝါရီ ၅ ရက်ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် လက်ပြန်ကြိုးတုပ်လျက် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။
အသက် ၃၄ နှစ်အရွယ်ရှိ Delivery အငှားယာဉ်မောင်း ကိုကျော်ထွန်းဝင်းမှာ ဇန်နဝါရီ ၄ ရက်ညဦးပိုင်းတွင် ရွှေပေါက်ကံသို့ ပစ္စည်းယူ ငွေရှင်းပြီးအပြန် ည ၈ နာရီခန့်တွင် အဆက်အသွယ်ပြတ်သွားခဲ့ပြီးနောက် ဇန်နဝါရီ ၅ ရက် ညတွင်မှ ပန်းလှိုင်တံတားအဆင်း ကင်းရွာ ရွာချင်းဆက်လမ်းမဘေးတွင် အငှားယာဉ်နှင့် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းကိုကျော်ထွန်းဝင်းကိုမူ လမ်းဘေးချုံများအကြားတွင် ဝတ်ဆင်ထားသည့် ပုဆိုးကိုဖြဲကာ ပါးစပ်နှင့်မျက်နှာကို စည်းထားခြင်း၊ ခြေထောက်ကိုကြိုးတုပ်ထားခြင်း၊ လက်ပြန်ကြိုးတုပ်ထားခြင်းများဖြင့် သေဆုံးလျက်သား ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။
“မနေ့က ည ၇ နာရီလောက်နေ လိုက်ရှာကြတာ။ ပထမတော့ ကားတွေ့တယ်။ နောက် ချုံပုတ်တွေကြားမှာ အလောင်းပြန်တွေ့တယ်။ ဝတ်သွားတဲ့ပုဆိုးနဲ့ပဲ လက်ရောခြေရောတုပ်ထားတာ။ ကားကိုယူမသွားဘူးဆိုတော့ အငြိုးအတေးရှိလို့ လုပ်ကြံသတ်ဖြတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု ကူညီပေးသည့် ပရဟိတသမားတစ်ဦးက ဆိုသည်။
ကိုကျော်ထွန်းဝင်းကို အပေါ်ပိုင်းအင်္ကျီစုတ်ပြဲလျက်နှင့် ရွံနွံများပေကျံကာ ဝတ်ဆင်ထားသည့် စပိုရှပ်အင်္ကျီဖြူမှာလည်း စုတ်ပြဲလျက်တွေ့ရှိရသော်လည်း မိသားစုကမူ သေဆုံးသူမှာ ကိုကျော်ထွန်းဝင်းဖြစ်ကြောင်း အတည်ပြုခဲ့ပြီး လက်ရှိတွင် ပြစ်မှုကျုးလွန်သူများကို သက်ဆိုင်ရာက စုံစမ်းလျက်ရှိကြောင်း သိရသည်။