၁၉.၁၁. ၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုမှ အထူးသံတမန် အမို့စ် ဟော့ရှ်စတိန်းက လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ကို နိုဝင်ဘာ ၁၉ ရက်မှာ ရောက်ရှိလာမယ်လို့ မျှော်လင့်ရတာကြောင့် လက်ဘနွန်အစိုးရအရာရှိကြီးနှစ်ဦးကတော့ အစ္စရေးနဲ့ လက်ဘနွန်မှ ဟစ်ဇ်ဘိုလာအုပ်စုတို့အကြား နယ်စပ်ဖြတ်ကျော်ပဋိပက္ခမှာ အပစ်အခတ် ရပ်ဆိုင်းရေး ညှိနှိုင်းဆွေးနွေးမှုရဲ့တိုးတက်တဲ့ လက၁္ခဏာလို့ပြောခဲ့ကြပါတယ်။
ဘေရွတ်မြို့က လာတဲ့ သတင်းတွေအရလည်း အမေရိကန်က ကျောထောက်နောက်ခံပြုတဲ့ အစ္စရေး-ဟစ်ဇ်ဘိုလာ စစ်ပွဲရပ်တန့်ဖို့ အဆိုပြုချက်ကို အကောင်းမြင်တဲ့အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။ လက်ဘနွန်ဝန်ကြီးချုပ် မာကာတီက အဆိုပြုချက်မှာ အချို့သော မရှင်းလင်းတဲ့အချက်တွေကို ရှင်းလင်းနိုင်ရေး ရှာဖွေနေတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အဆိုပြုချက်မူကြမ်းရဲ့ အပိုင်းတော်တော်များများက ရှင်းလင်းပြီးဖြစ်တယ်လို့ သိရပါတယ်။ မာကာတီက တချို့အချက်တွေ ရှင်းလင်းပြောကြားနိုင်ရေး ဟော့ရှ်စတိန်းနဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးကြရမယ်လို့လည်း ပြောခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် လီဆာ ဂျွန်ဆင်က အဲဒီအဆိုပြုချက်ကို လက်ဘနွန်အစိုးရထံ ပါလီမန်ဥက္ကဋ္ဌ နာဘီ ဘာရီကနေတစ်ဆင့် နိုဝင်ဘာလ ၁၄ ရက်က လက်ဆင့်ကမ်းပေးပို့ခဲ့တာလို့လည်း သိရပါတယ်။
အမေရိကန်ရဲ့ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်က နှစ်ဖက် ရန်လိုတိုက်ခိုက်မှုတွေကို ရက် ၆၀ ရပ်နားထားဖို့ရည်ရွယ်ပါတယ်။ ဒါက အပစ်အခတ်ရပ်စဲရေး ပိုမိုကြာရှည်စေဖို့ အခြေခံအဖြစ်တည်ရှိမှာပါ။ ဒီအဆိုပြုချက်က ၂၀၀၆ ခုနှစ် လက်ဘနွန်-အစ္စရေး စစ်ပွဲကို ရပ်ဆိုင်းစေခဲ့တဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက် ၁၇၀၁ ရဲ့ သတ်မှတ်ချက်ဘောင်အတွင်းမှာလည်း ရှိမယ်လို့ ဆိုပါတယ်။
အဆိုပြုချက်အရ လက်ဘနွန်တောင်ပိုင်းမှာစက်တင်ဘာလ နှောင်းပိုင်းကစလို့ ဝင်ရောက်စစ်ဆင်နေတဲ့ အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံမှ ပြန်လည်ဆုတ်ခွာပေးရမှာ ဖြစ်ပြီး ကုလသမဂ္ဂဆုံးဖြတ်ချက် ၁၇၀၁ ကို ပိုမိုတင်းကျပ်စွာ အာဏာတည်စေရမှာပါလို့ လက်ဘနွန်အစိုးရ ဌာနပြောရေးဆိုခွင့် ရှိသူ မက်သယူး မေလာက နိုဝင်ဘာလ ၁၈ ရက်မှာပြောခဲ့ပါတယ်။
ဒါပေမယ့် မေလာ က အမေရိကန်အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဖို့ အလားအလာအပေါ် အကောင်းမြင်မှု ရှိသလားဆိုတာတော့ မပြောခဲ့ပါဘူး။
နှစ်ဖက်သဘောတူညီမှုရဖို့ အလားအလာရှိပေမယ့်အစ္စရေးရဲ့တောင်းဆိုချက်ဖြစ်တဲ့ တကယ်လို့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်လာရင် ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အခွင့်အရေးရှိတယ် ဆိုတဲ့အချက်ကို ဟစ်ဇ်ဘိုလာဘက်က လက်မခံပါဘူး။ တကယ်လို့ အဲဒီ အချက်မပါရင် နေတန်ရာဟု အဖို့လည်း သဘောတူညီချက်ကို သူ့အစိုးရက သဘောတူဖို့ မသေချာဘူးဖြစ်နေပါတယ်။
လက်ဘနွန် အရာရှိတစ်ဦးက အဆိုပြုချက်က အပစ်အခတ်ရပ်စဲအပြီး အစ္စရေးက ဟစ်ဇ်ဘိုလာကို တိုက်ဖို့ အခွင့်အရေးရှိတယ်လို့ မပါပါဘူးလို့ ပြောခဲ့ပါတယ်။
အမေရိကန်အရာရှိတစ်ဦးကတော့ တကယ်လို့ လက်ဘနွန်နဲ့သဘောတူညီချက်ရခဲ့ရင် ဟားမားစ်တို့အပေါ် ဓားစာခံ သဘောတူညီချက်ပြုလုပ်ရေး ပိုပြီး ဖိအားပေးရာရောက်မယ်၊ လက်ဘနွန်မှာသဘောတူညီချက်ရဖို့က ဟစ်ဇ်ဘိုလာတို့ကိုတော့ ဖိအားပေးထားရမယ်လို့ ပြောခဲ့ပါတယ်။
Ref-CNN