၁၉.၁၁.၂ဝ၂၄
Written by K Pyay Thein
ရန်ကုန်မြို့ကို ဆွမ်းခံကြွလာရင်း သီရိမင်္ဂလာဈေးအနီးမှာ ပျောက်ဆုံးသွားတဲ့ ဆရာလေးသုံးပါးအနက် တစ်ပါးကို လေးရက်ကြာသည်အထိ ပြန်မတွေ့သေးဘူးလို့ ဆရာလေးတွေရဲ့ အုပ်ထိန်းသူဖြစ်သူ ထန်းတပင်မြို့နယ်က ဆရာကြီး ဒေါ်နန္ဒထေရီက MT News သို့ မိန့်ကြားပါတယ်။
ဆရာလေးတွေဟာ အခုတန်ဆောင်တိုင်လပြည့်နေ့ (၁၅.၁၁.၂ဝ၂၄) က သူတို့သီတင်းသုံးနေထိုင်တဲ့ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ အေးရိပ်မြိုင်သီလရှင်ကျောင်းတိုက်ကနေ လှိုင်မြို့နယ်မှာရှိတဲ့ သီရိမင်္ဂလာဈေးသို့ ဆွမ်းခံကြွလာရာမှ ပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။
ပျောက်ဆုံးသွားတဲ့ ဆရာလေးသုံးပါးအနက် နှစ်ပါးကတော့ ကျောင်းတိုက်ကိုပြန်လည်ရောက်ရှိလာပြီး တစ်ပါးကတော့ ယနေ့အထိ ပြန်ရှာမတွေ့ရှိသေးဘဲ ပျောက်ဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဆရာလေးနှစ်ပါးက ပြန်တွေ့တယ်။ ကျောင်းကိုပြန်လာတယ်။ တစ်ပါးကတော့ ဒီနေ့အထိပျောက်နေတယ်။ လေးရက်ရှိပါပြီ။ ပြန်လာတဲ့ဆရာလေးနှစ်ပါး ပြောပြတာကတော့ ခေါ်သွားတဲ့ဒကာမက အသားဖြူဖြူ၊ ၀ဝဖိုင့်ဖိုင့်နဲ့ အသက်က ၄ဝ လောက်ရှိတယ်ပြောပါတယ်။ အဲ့ဒီဒကာမရဲ့ဆံပင်က ရွှေအိုရောင်လို့ ပြောပါတယ်။ ကားကတော့ အိမ်စီးကားအဖြူရောင်လို့ ကလေးတွေက ပြောပါတယ်။ ဆရာလေးသုံးပါးကို သီရိမင်္ဂလာဈေးကနေ သူက တင်ခေါ်သွားပြီး ကမာရွတ်ဘူတာရထားလမ်းနားမှာ ဆရာလေးနှစ်ပါးကို ထားခဲ့တယ်။ အခုပျောက်နေတဲ့ဆရာလေးတစ်ပါးကို ဆက်ခေါ်သွားတယ် ပြောပါတယ်။ ဘယ်ကိုခေါ်သွားလဲမသိရပါဘူး။ အခုအထိလည်း သတင်းအစအန မရပါဘူး။ ဆရာလေးတွေပြောပြတာက အဲ့ဒကာမနဲ့ အခုပျောက်နေတဲ့ဆရာလေးနဲ့က ဆွမ်းခံကြွတိုင်း စကားတွေ တရင်းတနှီးပြောကြတယ်လည်းပြောပါတယ်။ ချစ်လို့ပဲခေါ်သွားတာလား၊ အကြောင်းအရင်းတစ်ခုကြောင့်ဆိုတာလား မသိရသေးပါဘူး”လို့ ဆရာကြီး ဒေါ်နန္ဒထေရီက မိန့်ကြားပါတယ်။
ယခုပျောက်ဆုံးနေတဲ့ ဆရာလေးရဲ့ ဘွဲ့အမည်က ရူပသိင်္ဂီဖြစ်ပြီး(လူနာမည်က လရိပ်ဖြူ)ဖြစ်ကာ အသက်က (၁၀) နှစ်အရွယ်သာရှိသေးတဲ့ ထားဝယ်တိုင်းရင်းသူဆရာလေးတစ်ပါးဖြစ်တယ်လို့ သိရပါတယ်။ ဆရာလေးတို့ဟာ ထန်းတပင်ကနေ လှိုင်မြို့နယ်မှာရှိတဲ့ သီရိမင်္ဂလာဈေးကို နှစ်ပတ်တစ်ကြိမ် ဆွမ်းခံကြွ ပုံမှန်ထွက်နေကြသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။
“ဆရာလေးတို့အားလုံးက ထားဝယ်ဘက်ကပါ။ ကျောင်းတိုက်မှာက ဆရာလေးအားလုံး (၇)ပါးရှိပါတယ်။ ထားဝယ်တိုင်းရင်းသူတွေပါပဲ။ အခုဆရာလေးပျောက်နေတာကိုလည်း သက်ဆိုင်ရာတွေ ရဲစခန်းတွေအားလုံးကို တိုင်ကြားထားပါတယ်။ အခုအထိ ဘာမှတော့မထူးသေးပါဘူး”လို့ ဆရာကြီး ဒေါ်နန္ဒထေရီက ထပ်လောင်းမိန့်ကြားပါတယ်။
ဒါ့အပြင်ပျောက်ဆုံးနေသူ ဆရာလေး ရူပသိင်္ဂီကို တွေ့ရှိပါက ကူညီပြီးဆက်သွယ်အကြောင်းကြားပေးဖို့မေတ္တာရပ်ခံထားသလို ဆရာကြီး ဒေါ်နန္ဒထေရီ ဖုန်းနံပါတ်ဖြစ်တဲ့ ဝ၉ – ၇၉၅၃၇၂၈၇၇ သို့ ဆက်သွယ်နိုင်ပြီးအကြောင်းကြားပေးနိုင်တယ်လို့လည်း သိရပါတယ်။
ပုံစာ – ပျောက်ဆုံးနေတဲ့ ဆရာလေး ရူပသိင်္ဂီကို တွေ့ရစဉ်(Photo – CJ)