၁၉.၁၁. ၂၀၂၄
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလယ်ပိုင်း၊ ဟူနန်ပြည်နယ်အတွင်းရှိ မူလတန်းကျောင်းလေးတစ်ကျောင်းရဲ့ အပြင်ဘက်မှာ ကားတစ်စီးက ကျောင်းသားငယ်များအပါအဝင် လူအများအပြားအတွင်းကို ဒီနေ့ နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဝင်တိုက်ခဲ့တာမှာ ကျောင်းသားငယ်တွေနဲ့ အရွယ်ရောက်လူကြီးတွေပါ အများအပြား ဒဏ်ရာရခဲ့ရတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အသေးစိတ်ကိုမသိရသေးပေမယ့် တရုတ်နိုင်ငံပိုင်သတင်းဌာနက ကျောင်းသားတွေနဲ့ အရွယ်ရောက် လူကြီးတွေ အများအပြား ဒဏ်ရာရရှိလျက် မြေပေါ်သို့လဲကျနေကြရာ ဆေးရုံသို့တင်ပို့ခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။
လူအုပ်ထဲဝင်တိုက်တဲ့ကားက အဖြူရောင် Suv ကားတစ်စီးဖြစ်ကာ ယာဉ်မောင်းကို မိဘတွေနဲ့ ကျောင်းလုံခြုံရေးအရာရှိတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပါတယ်။ ဒီဖြစ်ရပ်က တရုတ်နိုင်ငံမှာ တစ်ပတ်အတွင်း လူအစုအဝေးအတွင်းသို့ ကားနဲ့ တတိယမြောက် ဝင်ရောက်တိုက်မိတဲ့ဖြစ်ရပ်လည်းဖြစ်တော့ ပြည်သူတို့ရဲ့ လုံခြုံစိတ်ချရမှုအတွက် ပိုလို့စိုးရိမ်ဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။
ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ မစ္စတာဇူက “ဒဏ်ရာရသူတချို့ဆိုရင် စိုးရိမ်ရတဲ့အခြေအနေမှာရှိနေကြတယ်။ သူနာ တင်ကားက အမြန်ဆုံးရောက်လာတော့ တော်ပါသေးတယ်” လို့ ပြောခဲ့ပါတယ်။
သူက ရှစ်နှစ်အရွယ် သားဖြစ်သူကိုကျောင်းပို့ပြီး ကျောင်းပရဝဏ်က အထွက်မှာ ယာဉ်တိုက်မိသံကို ကြားခဲ့ရတာပါ။ ကျောင်းသားမိဘ ခြောက်ယောက်၊ ခုနှစ်ယောက်လောက်က ကားကို အတင်းရပ်ခိုင်းခဲ့ကြတာပဲ။ လုံခြုံရေးအစောင့်တစ်ယောက်ကတော့ အသက်လည်းကြီးပြီ။ မြေပေါ်မှာလဲနေခဲ့တာလို့ ပြောခဲ့ပါတယ်။
ယာဉ်မောင်းက ကားပေါ်ကဆင်းလာချိန်မှာတော့ သူ့ကိုဒေါသထွက်နေတဲ့ လူတွေက တုတ်တွေနဲ့ ဝိုင်းရိုက်နေခဲ့ကြတာလည်း ဗီဒီယိုတစ်ခုမှာတွေ့ကြရပါတယ်။ နောက်ဗီဒီယိုတစ်ခုမှာလည်း ကလေးတွေ၊ လူတွေ အဝင်လမ်းပေါ်မှာလဲနေကြပြီး ကျောင်းလွယ်အိတ်တွေပြန့်ကျဲနေတာလည်းတွေ့ကြရပါတယ်။
ဇူလိုင်လ ၂၃ ရက်ကလည်း တရုတ်နိုင်ငံအရှေ့ပိုင်း အသက်မွေးဝမ်းကြောင်းပညာသင်ကျောင်းတစ်ခုမှာ အသက် ၂၁ နှစ် ရှိကျောင်းသားဟောင်းတစ်ယောက်က ဓားနဲ့ လိုက်ထိုးလို့ လူရှစ်ဦးသေပြီး ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်ကလည်းနိုင်ငံတောင်ပိုင်း ဇူဟိုင်းမြို့မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေတဲ့ လူအုပ်စုထဲ ကားတစ်စီးကဝင်တိုက်ပြီး အနည်းဆုံး လူ ၃၅ ဦးသေဆုံးကာ ၄၃ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။ အောက်တိုဘာလအတွင်းကလည်း ရှန်ဟိုင်းမြို့မှာ လူတစ်ဦးက စူပါမားကတ် တစ်ခုအတွင်း ဓားနဲ့ထိုးလို့ လူသုံးဦးသေပြီး ၁၅ ဦးဒဏ်ရာရခဲ့ပါတယ်။
ရဲတပ်ဖွဲ့မှတ်တမ်းတွေအရတော့ ၂၀၂၄ ခုနှစ်အတွင်းတရုတ်နိုင်ငံမှာ အရမ်းကာရော၊ မဆင်မခြင် အကြမ်း ဖက်မှု ၁၉ မှု ရှိခဲ့ပြီး လူ ၆၃ ဦးသေဆုံးကာ ၁၆၆ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Ref- bbc