၁၉. ၁၁. ၂၀၂၄
Written by Zaw Moe
တရုတ်ဘက်မှ ကုန်စည်တင်သွင်းမှုများကို တင်းကျပ်နေမှုအပြင် လက်နက်ကိုင်အဖွဲ့အစည်းများက ပိတ်ဆို့ထားမှု၊ မှောင်ခိုလမ်းကြောင်းကိုပါ အသုံးမပြုနိုင်အောင် မိုင်းများထောင်ထား၍ မူဆယ်မြို့တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ကာ စားဝတ်နေရေးအခက်အခဲများ ပိုမိုဆိုးရွားလာနေကြောင်း မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ကုန်သည်များထံမှ သိရသည်။
“အခုက အကုန်လုံး ဘာမှ ပန်းသီးတစ်လုံးတောင် ထုတ်မရဘူး။ မူဆယ်ကလူတွေက အကုန်ငတ်။ ခရမ်းချဉ်သီး တစ်ပိဿာ လေးသောင်းဖြစ်နေပြီ။ စားသုံးဆီက ၂၄,၀၀၀၊ ကြက်သွန်တစ်ပိဿာ တစ်သောင်းခွဲ၊ ဂေါ်ရခါးသီးတစ်လုံး တစ်သောင်း၊ ဓာတ်ဆီတစ်လီတာ ၁၂,၀၀၀၊ တပ်မတော်ဘက်ကလည်း အဲဒီဘက်ကို သယ်ယူခွင့် စားသောက်ကုန်မပေး။ စားသောက်ကုန်ကျတော့ မူဆယ်ကတော့ ဒေသတွင်းဆိုတော့ မူဆယ်ကိုတော့ ပေးတယ်။ ဒါနဲ့ စက်သုံးဆီကတော့ မပေးဘူး။ လမ်းပန်းဆက်သွယ်ရေးက တိုက်ပွဲဖြစ်နေတဲ့အချိန်ဆိုရင် သူတို့က နားခိုင်းတယ်။ တိုက်ပွဲမဖြစ်ရင်တော့ နှစ်ဖက်လုံးကပေးတယ်။ ကုန်စည်နဲ့ စက်သုံးဆီကို မပေးတာ။ ဆန်ကတော့ ပြည်မက ဗမာတွေဆို အောက်ပြည်အောက်ရွာကသူတွေဆိုရင် ဗမာဆန်ပဲသုံးတာလေ။ ရှမ်းဆန် ဒေသဆန်ကတော့ ဒီအချိန်က စပါးပေါ်တဲ့အချိန်ဆိုတော့ မဆိုးဘူးပေါ့။ တစ်အိတ်ကို ၁၇၀,၀၀၀ နဲ့ ၁၈၀,၀၀၀ လောက်တော့ရှိတယ်။ နေရေးထိုင်ရေးကတော့ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူးပေါ့။ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးသိတာပဲ မူဆယ်တစ်ကွက်တည်းကျန်နေတာ။ ပိတ်တာကတော့ ဘယ်အဖွဲ့အစည်း ဘယ်အစိုးရကိုမှ မပေးတာ အကုန်ပိတ်လိုက်တာ။ နယ်စပ်ဆိုတာက နယ်စပ်လမ်းလေးပဲကွာတာ။ မြန်မာပြည်ကဟာ စားရင်စား။ မစားရင် တရုတ်ဘက်ကဟာစားပေါ့။ အခုကျတော့ စားဝတ်နေရေးတွေ အကုန်ခက်ခဲကုန်တာပေါ့” ဟု မြန်မာ-တရုတ်နယ်စပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် တရုတ်ဘက်မှလည်း မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်မြို့၊ မန်ဝိန်းနယ်စပ်ဂိတ်တွင် တရားဝင်အခွန်ဆောင်မှုဖြင့် ခွင့်ပြုပေးထားသည်။ သို့သော်လည်း ကုန်သွယ်မှုသည် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ ကြီးစိုးထားသည့် ရှမ်းမြောက်ဒေသကို ဖြတ်သန်းရမည်ဖြစ်၍ အခွန်ပေးဆောင်ရမှုအပိုင်း၌ အခက်အခဲများရှိနေခြင်းကြောင့် မြန်မာဘက်ခြမ်းနှင့် ညှိနှိုင်းဆွေးနွေးမှုများ ယခုအချိန်အထိ မပြီးပြတ်သေးသည့်အပြင် မှောင်ခိုလမ်းပိုင်းမှပင် အနည်းငယ်သယ်ယူနိုင်မည့် အခွင်းအရေးပါမရှိတော့ကြောင်း သိရသည်။
“အခုက မှောင်ခိုတောင် မရှိတော့တာ။ မှောင်ခိုလမ်းတွေက မသွားရဲဘူးလေ။ မသွားရဲဘူးဆိုတာက မိုင်းတွေချည်းပဲ။ အဲဒီလမ်းတွေက သူတို့ကလည်း မထင်ရင်မထင်သလို လုပ်တာကိုး။ အဲဒီတော့မလွယ်ပေါ့။ ရှိတာကို ပေါက်ရာပေါက်ဈေး စားကြပေါ့” ဟု ၎င်းက ပြောသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲဖြစ်သော ကိုးကန့် MNDAA ၊ ရခိုင်တပ်တော် AA နှင့် တအာင်း TNLA တို့က ၁၀၂၇ စစ်ဆင်ရေးအဖြစ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ကြေညာခဲ့ပြီးနောက် လားရှိး-မူဆယ်၊ လားရှိး-ချင်းရွှေဟော် လမ်းပိုင်းများနှင့် ပြည်ထောင်စုလမ်းမကြီးကို စတင်တိုက်ခိုက်ချိန်မှစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာခဲ့သည်။
အဆိုပါ စစ်ဆင်ရေးစတင်ပြီးချိန်မှစတင်၍ မြန်မာ- တရုတ်နယ်စပ် အဓိကတရားဝင်ဂိတ်ဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည်လည်း လက်ရှိအချိန်အထိ ပိတ်ထားရခြင်းကြောင့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကို တရားမဝင်လမ်းကြောင်းများ ပိုမိုဆောင်ရွက်လာခြင်းကြောင့် တရုတ်နိုင်ငံဘက်ကလည်း တင်းကျပ်နေမှုများအပြင် လက်နက်ကိုင်အဖွဲ့အစည်းများကလည်း သယ်ယူပို့ဆောင်ရေးများကို ဖြတ်တောက်ထားခြင်းကြောင့် မူဆယ်မြို့ခံပြည်သူများ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေမှုကို ရင်ဆိုင်နေရခြင်းဖြစ်သည်။
လက်ရှိတွင် ကိုးကန့်လက်နက်ကိုင် MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်ကို တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး MNDAA အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများကို လားရှိုးမြို့မှ အမြန်ဆုံးဆုတ်ခွာရန် ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေကြောင်း ပြည်ပရောက် Exile မီဒီယာတွင် ယမန်နေ့က ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
ပုံစာ။ လက်ရှိတွင် တရုတ်နိုင်ငံဘက်မှ အခွန်ဆောင်ကာ တရားဝင်တင်သွင်းခွင့်ပြုထားသော်လည်း မြန်မာဘက်ခြမ်းနှင့် ညှိနှိုင်းမှုမပြီးပြတ်သေးသည့် မန်ဝိန်းဂိတ်ကို တွေ့ရစဉ်။