၁၉.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ Bolt ကုမ္ပဏီ အငှားမော်တော်ဆိုင်ကယ်တစ်စီးကို စီးနင်းလိုက်ပါလာတဲ့ ရုရှားအမျိုးသမီးတစ်ဦးက အငှားဆိုင်ကယ်မောင်းသူကို မတော်တဆမှုဖြစ်မည်စိုး၍ အရှိန်လျှော့မောင်းပေးရန်ပြောကြားအပြီး ထိုအမျိုးသမီးမှာ ဆိုင်ကယ်မောင်းသူရဲ့ထိုးကြိတ်မှုကို ခံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ရပါတယ်။
အသက် ၄၁ နှစ်ရှိ အိမ်ခြံမြေ ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တဲ့ အန်နာက အခုလို ထိုးကြိတ်စော်ကားခံခဲ့ရမှုအတွက် ရဲတပ်ဖွဲ့ကို နိုဝင်ဘာလ ၁၇ ရက် နံနက် ၁ နာရီ ၄၅ မိနစ်မှာ တိုင်ကြားအမှုဖွင့်ခဲ့ပါတယ်။ အန်နာက Bolt အငှားဆိုင်ကယ်ကိုစီးပြီး ကာဆက်ဆင်လမ်း(Soi Kasetsin) ကနေ ကော်ပရာတမ်နက်(Khao Phra Tamnak) ရပ်ကွက်ရှိ အိမ်သို့အပြန်မှာ ဆိုင်ကယ်မောင်းသူက ထိုးကြိတ်သွားတယ်လို့ သိရပါတယ်။ ထိုးကြိတ်မှုကြောင့် အန်နာရဲ့ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာတွေရခဲ့ပြီး နှုတ်ခမ်းလည်းကွဲသွားရပါတယ်။
မစ္စစ်အန်နာက Bolt အငှားဆိုင်ကယ်ကိုစီးလာခိုက်မှာ ဆိုင်ကယ်သမားက အရှိန်ကိုမြှင့်မောင်းလာလို့ ယာဉ်မတော်တဆမှုတွေဖြစ်မှာစိုးလို့ သူက ဖြည်းဖြည်းမောင်းဖို့ပြောခဲ့တယ်လို့ ဆိုပါတယ်။ အန်နာက ဆိုင်ကယ်စီးဦးထုပ်အမာစားကိုလည်း ဝတ်မထားမိဘူးလို့ သိရပါတယ်။ အန်နာရဲ့တောင်းဆိုမှုကို ဆိုင်ကယ်မောင်းသူက မကျေမနပ်ဖြစ်ကာ ရန်ဖြစ်ခဲ့ကြရတယ်လို့လည်း သိရပါတယ်။
ဒီနောက်မှာတော့ ဆိုင်ကယ်မောင်းသူက ကော်ပရာတမ်နက် ရပ်ကွက်ထဲမှာပဲ ဆိုင်ကယ်ကိုရပ်ကာ အန်နာမျက်နှာကို လက်သီးနဲ့ ထိုးလို့ ပါးစပ်ကသွေးတွေပါ ထွက်လာခဲ့ရတယ် ဆိုပါတယ်။ အော်ဟစ်အကူအညီတောင်းလို့ ဆိုင်ကယ်သမားက မောင်းထွက်ပြေးခဲ့ပြီး ဖြတ်သွားတဲ့သူတစ်ဦးက အန်နာကို အကူအညီပေးခဲ့တာပါ။
အန်နာရိုက်ကူးထားတဲ့ဗီဒီယိုအရ ဆိုင်ကယ်မောင်းသူက ပိန်လှီကာ အရပ်မြင့်ပြီး အသက် ၂၀ နှစ်ခန့် ရှိတယ်ဆိုပါတယ်။ သူကဒေါသဖြစ်နေပုံရပြီး သူ့ရဲ့ ဖုန်းကိုကောက်ယူကာ သူ့ရဲ့ အငှားဆိုင်ကယ်ခ မရသေးဘူးလို့ပြောပြီး မောင်းထွက်သွားခဲ့တာလို့ သိရပါတယ်။
ပတ္တရားရဲတပ်ဖွဲ့က အမှုကိုစုံစမ်းစစ်ဆေးကာ ဆိုင်ကယ်သမားနောက်ကို ခြေရာခံလိုက်နေတယ်လို့ သိရပါတယ်။
Ref, Bangkok Post