၁၉.၁၁.၂ဝ၂၄
Written by K Pyay Thein
မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ အလွန် နိုင်ငံအနှံ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ဘေးဒုက္ခသည်နဲ့ အရပ်သားသေဆုံးမှုတိုးလာခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar က ထုတ်ပြန်လိုက်ပါတယ်။
ISP Myanmar က လက်ရှိပြုစုလေ့လာထားတဲ့ စာရင်းတွေအရ နိုင်ငံတစ်၀န်းမှာ စစ်ဘေးဒုက္ခသည် ၆ ဒသမ ၆ သန်းကျော်အထိ ရှိနေတယ်လို့ သိရပြီး နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အဲ့ဒီပမာဏာရဲ့ ၄၂ ရာခိုင်နှုန်းကျော်က စစ်ဘေးဒုက္ခသည်တွေဟာ စစ်ကိုင်းတိုင်းထဲက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အရေအတွက်အားဖြင့်ဆိုပါက စစ်ကိုင်းတိုင်းမှာ စစ်ဘေးဒုက္ခသည် ၂ ဒသမ ၈ သန်းကျော်အထိရှိနေပြီး ဒုတိယအများဆုံးက ကရင်ပြည်နယ်ဖြစ်ကာ စစ်ဘေးဒုက္ခသည် ၈ သိန်းကျော်အထိရှိနေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ကတော့ တတိယအများဆုံးဖြစ်ပြီး စစ်ဘေးဒုက္ခသည် ၆ သိန်းကျော်အထိရှိနေခဲ့တာ ဖြစ်ပါတယ်။ အလားတူ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာလည်း စစ်ဘေးဒုက္ခသည်က လေးသိန်းကျော်စီရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ဆင်ရေး ၁၀၂၇ နှစ်ခုနောက်ပိုင်းလက်နက်ကိုင်တွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်က ၂ ဒသမ ၇ သန်းအထိ တိုးလာတယ်လို့လည်း ISP Myanmar က ဆိုပါတယ်။
ဒါဟာ နွေဦးတော်လှန်ရေးအစ အာဏာအငြင်းပွားမှုကာလအတွင်းမှာ စစ်ဘေးဒုက္ခသည်ပမာဏက ၄၁ ရာခိုင်နှုန်းအထိကျော်အထိ တိုးလာခဲ့တာဖြစ်တယ်လို့ ISP Myanmar က ဆိုထားပါတယ်။
လေ့လာထားတဲ့မှတ်တမ်းတွေအရ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ စစ်ဘေးဒုက္ခသည်တွေ စံချိန်တင်တိုးလာခဲ့တယ်လို့လည်း ISP Myanmar က ပြောပါတယ်။
ရာခိုင်နှုန်းအားဖြင့်ကြည့်ပါက စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက်ဟာ ရခိုင်ပြည်နယ်မှာ ၉၈ ရာခိုင်နှုန်းကျော်၊ ရှမ််းပြည်နယ်မှာ ၈၃ ရာခိုင်နှုန်းကျော်၊ ကချင် ပြည်နယ်မှာ ၈၂ ရာခိုင်နှုန်းကျော်၊ မန္တလေးတိုင်းမှာ ၇၀ ကျော်ရာခိုင်နှုန်းနီးပါးနဲ့ တနင်္သာရီတိုင်းမှာ ၇၉ ရာခိုင်နှုန်းအထိ တိုးလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA ၊ AA နဲ့ သူ့ရဲ့မဟာမိတ်တွေက ဖော်ဆောင်ခဲ့တဲ့စစ်ဆင်ရေး ၁၀၂၇ အလွန်မှာ နိုင်ငံအနှံ့ အရပ်သား ၄၅၀၀ ကျော်သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေးအစ အာဏာအငြင်းပွားမှုကာလအတွင်းမှာ သေဆုံးခဲ့ရတယ်လို့ စွပ်စွဲထားတဲ့ အရပ်သားလူဦးရေပမာဏ ထက်ဝက်ကျော်ရှိနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ထို့အတူ ၂ဝ၂ဝ နောက်ပိုင်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကြောင့် ယနေ့ကာလအထိဆိုပါက အရပ်သား ၈၀၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်တယ်လို့လည်း ISP Myanmar က ထုတ်ပြန်ထားခဲ့ပါတယ်။
Ref – ISP Myanmar