၆.၁.၂၀၂၃.
translated by Htwe Ko Tun
ရုရှားသမ္မတ ပူတင်က ၎င်း၏ ကာကွယ်ရေးဝန်ကြီးအား ယူကရိန်းနိုင်ငံရှိ အော်သိုဒေါ့စ် ခရစ်ယာန်ဘာသာဝင်များအား ခရစ်ယာန်ဘာသာ ဝတ်ပြုဆုတောင်းခြင်းအခမ်းအနားများသို့ တက်ရောက်နိုင်ကြစေရန် ဇန်နဝါရီ ၆ ရက်နှင့် ဇန်နဝါရီ ၇ ရက်အကြား ၃၆ နာရီကြာ ယာယီအပစ်အခတ်ရပ်စဲပေးရန် ဇန်နဝါရီ ၅ ရက်က အမိန့်ပေးခဲ့ကြောင်း သိရသည်။
သို့ရာတွင် သမ္မတပူတင်၏ ယာယီအပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို ယူကရိန်းအစိုးရ တာဝန်ရှိသူများက သူတော်ကောင်းယောင်ဆောင်ခြင်း ဟုပြောကြားကြကာပယ်ချခဲ့ကြောင်းသိရသည်။
မော်စကိုမြိုရှိ ရုရှားနိုင်ငံ အော်သိုဒေါ့စ် ဘုရားရှိခိုးကျောင်းအကြီးအကဲ ပါထရီယာ့ရှ် ကီးရီးလ်က အော်သိုဒေါ့စ် ခရစ်ယန်ဘာသာဝင်အများအပြား ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားများကျင်းပရာ ဇန်နဝါရီ ၆ ရက်နှင့် ဇန်နဝါရီ ၇ ရက်အကြား အပစ်အခတ်ရပ်စဲပေးထားရန် တောင်းဆိုခဲ့ပြီးနောက် ရုရှားသမ္မတ ပူတင်က ထိုသို့ အမိန့်ထုတ်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ယူကရိန်းအစိုးရတာဝန်ရှိသူများက အဆိုပါခေတ္တအပစ်အခတ်ရပ်စဲရေးမှာ ရုရှားအစိုးရအနေဖြင့် အရံအင်အားများ၊ လက်နက်ကိရိယာများနှင့် ခဲယမ်းများစုဆောင်းလို၍ ဆောင်ရွက်ခြင်းဖြစ်နိုင်သောကြောင့် သံသယရှိကြောင်း ပြောခဲ့ကြသည်။
ယူကရိန်းသမ္မတ ဇဲလန်စကီးက ရုရှားအနေဖြင့် အော်သိုဒေါ့စ် ခရစ်ယာန်ဘာသာဝင်တို့အတွက် ယာယီအပစ်အခတ်ရပ်စဲရေးကို ရုရှားစစ်အင်အားများ ပြန်လည်ထောက်ပံ့မှုပြုရန်နှင့် ဒွန်ဘတ်စ်ဒေသတွင် ယူကရိန်းတို့၏ ထိုးစစ်ဆင်တိုက်ခိုက်လာမှုများ ရပ်ဆိုင်းစေရန် အသုံးချဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ဇန်နဝါရီ ၅ ရက်ညပိုင်းက ၎င်း၏မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးကပင် ၂၀၂၃ ခုနှစ်၏ ပထမနှစ်သစ်ကူးရက်သတ္တပတ်အတွင်း တစ်ဦးကိုတစ်ဦး ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြသည်။ ၂၀၂၂ ခုနှစ်အတွင်း စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံစီးပွားရေးမှာ ရာခိုင်နှုန်း ၃၀ ကျော်ကျဆင်းခဲ့သည်။ ရုရှားဒုံးကျည်များ အဆက်မပြတ်ပစ်ခတ်မှုကြောင့်လည်း အရပ်ဘက်အဆောက်အအုံများပါ ထိမှန်ကာ ယူကရိန်းပြည်သူအတော်များများမှာ ဆောင်းရာသီအတွင်း အနွေးဓာတ်မရရှိဘဲဖြစ်နေကြသည်။ ယူကရိန်းဘက်ကလည်း ရုရှားစစ်တန်းလျားများကို ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် ရုရှားစစ်သည်အများအပြားကျဆုံးကာ ရုရှားနိုင်ငံအတွင်း မကျေမနပ်မှုများကို ဖြစ်ပွားစေခဲ့သည်။
Ref- CNN