၁၉. ၁၁. ၂၀၂၄
Written by Nay Moe
မင်းလှမြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးကို ယနေ့နံနက်ပိုင်းတွင် ပစ်သတ်လိုက်ပြီး ဖုန်းတစ်လုံး၊ ငွေကျပ် ၄ သိန်းနှင့် ဆိုင်ကယ်တစ်စီးကို လုယက်ခဲ့သည်ဟု ကျူးလွန်သည့် PDF သုံးဖွဲ့က ယခု ဝန်ခံချက်ထုတ်ပြန်လာသည်။
ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ညောင်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး တာဝန်ယူထားသည့် ဖြူကွင်းကျေးရွာနေ ဦးခင်ထွန်းလွင် (ခ) အာကြီး ဆိုသူအား ယနေ့ နိုဝင်ဘာ ၁၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် မင်းလှမြို့သို့ ဆိုင်ကယ်စီးလာစဥ် ချောင်းနားရွာ တောင်ဘက်ထိပ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ PDF များ ပူးပေါင်း၍ ဦးခေါင်းတည့်တည့်အား သေနတ်ဖြင့် ၁ ချက် ပစ်ခတ်ခဲ့ရာ ဦးခင်ထွန်းလွင်မှာ နေရာတွင် သေဆုံးသွားပြီး ၎င်းထံမှ မိုဘိုင်းဖုန်းတစ်လုံး၊ ငွေသား ၄၀၀၀၀၀ ကျပ်၊ ဘေးလွယ်အိတ် ၁ လုံးနှင့် ဆိုင်ကယ် ၁ စီး တို့အား လုယက် သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
အုပ်ချုပ်ရေးမှူး ဦးခင်ထွန်းလွင်သည် လူငယ်များအား စစ်မှုထမ်းရန် ခြိမ်းခြောက်ဖိအားပေး လူစုခြင်း၊ စစ်မှုထမ်းထောက်ပံ့ကြေးမပေးသည့် နေအိမ်များအား ဖမ်းဆီးခိုင်းခြင်းနှင့် မီးရှို့မည်ဟုခြိမ်းခြောက်ခြင်း၊ ပြည်သူများထံမှ မတရားသဖြင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို သတ်ဖြတ်လုယက် အရေးယူရခြင်းဖြစ်သည်ဟု သတ်ဖြတ်သည့် NUG ဩဇာခံ PDF များက အကြောင်းပြချက်ပေးသော်လည်း ထိုစွပ်စွဲချက်များ မှန်မမှန် MT News က အတည်မပြုနိုင်ချေ။
ပဲခူးတိုင်းသည် လက်နက်မဲ့အုပ်ချုပ်ရေးမှူးနှင့် ပြည်သူအများအပြား သတ်ဖြတ်ခံရသည့်တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း နည်းပါးသည်။ ထို့အတူ နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD,CRPH, NUG, PDF နှင့် EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရပြီး အမှုပေါင်း ၅၀၀၀ ခန့်ကို သက်ဆိုင်ရာရဲစခန်းများတွင် ရာဇဝတ်မှုဖြင့် တိုင်ချက်ဖွင့်လှစ်ထားကြောင်း သိရသည်။