၁၉. ၁၁. ၂၀၂၄
Written by Nay Moe
KNU နဲ့ PDF တွေပေါင်းပြီး ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ တစ်နှစ်ကျော် ဆင်နွှဲချိန်အတွင်း အစိုးရအုပ်ချုပ်မှုအာဏာစက်ကင်းကွာသွားချိန် မြို့တွင်းဖောက်ထွင်းဝင်ရောက်လာတဲ့ PDF တွေက ပြည်သူ့နေအိမ်ဖောက်ထွင်းခိုးယူမှုတွေ ပြုလုပ်ခဲ့ကြပြီး ဒီလိုခိုးယူကြတဲ့အထဲက PDF တစ်ဦးဖြစ်တဲ့ အောင်ဇင်ဟိန်း (ခ) အောင်ပုကို နဂါးဖြူစစ်ကြောင်းက တပ်ပြေးအဖြစ် သတ်မှတ်ထုတ်ပယ်ထားတယ်လို့ ကြေညာလာပါတယ်။
မြို့သိမ်းတိုက်ပွဲတွေအတွင်း ဖောက်ထွင်းခိုးယူမှုတွေပြုလုပ်တတ်ကြတဲ့ PDF တွေရဲ့ ကျူးလွန်မှုနဲ့ပတ်သက်ပြီး အောင်ဇင်ဟိန်း (ခ) အောင်ပုရဲ့ မိခင်တပ်ရင်း နဂါးဖြူစစ်ကြောင်းက သဘောထားထုတ်ပြန်ကြေညာချက်မှာ အောင်ဇင်ဟိန်း(ခ) အောင်ပုဟာ နဂါးဖြူစစ်ကြောင်းမှာတာဝန် ထမ်းဆောင်ခဲ့တာ မှန်ကန်တယ်လို့ ဝန်ခံထားပါတယ်။
ဒါ့အပြင် အောင်ပုဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစ ကော့ကရိတ်မြို့တွင်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ကော့ကရိတ်မြို့တွင်းက ပြည်သူတွေရဲ့ နေအိမ်များကို ဖောက်ထွင်းပြီး ရွှေငွေဥစ္စာပစ္စည်းတွေကို ယောက္ခမထံ ပို့ပေးခဲ့တယ်လို့လည်း ဝန်ခံထားပါတယ်။
ဒီဖြစ်စဉ်များစွာကို နဂါးဖြူစစ်ကြောင်း တပ်ခွဲ(၂)တပ်ခွဲမှူးက စုံစမ်းသိရှိချိန် စစ်ကြောင်းကို အကြောင်းကြားပြီး အပြစ်ပေးဖို့ တင်ပြခဲ့တဲ့နောက် ထောက်လှမ်းရေးမှူးက စုံစမ်းစစ်ဆေး အပြစ်ပေးထားတဲ့အချိန်မှာ စစ်ဆင်ရေးအရေးပေါ်အခြေအနေကိုအခွင့်ကောင်းယူပြီး အချုပ်ခန်းဖောက်ထွက်ပြေးခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် ရဲဘော် အောင်ဇင်ဟိန်း(ခ) အောင်ပုကို နဂါးဖြူစစ်ကြောင်းက တပ်ပြေးအဖြစ် မေလ ၂ ရက်မှာ အပြီးပိုင်ထုတ်ပယ်လိုက်တယ်လို့ နဂါးဖြူစစ်ကြောင်းရဲ့ နိုဝင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ AA၊ MNDAA နဲ့ TNLA တို့အပြင် NUG ၊ PDF တွေနဲ့ EAOs တွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲချိန်တိုင်း ပြည်သူ့နေအိမ် ဖောက်ထွင်းခိုးယူကြမှုတွေ ဖြစ်ပွားလေ့ရှိသလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း AA ဟာ ရခိုင်မြို့သိမ်းတိုက်ပွဲတွေမှာ ဖောက်ထွင်းခိုးယူမှုကျုးလွန်တဲ့ သူ့တပ်ဖွဲ့တွေကို အရေးယူထားတယ်လို့ စက်တင်ဘာ ၁၃ ရက်မှာ ဝန်ခံချက်ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါ့အပြင် ကယားပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေမှာလည်း တပ်မတော်မရှိတော့ချိန်မှာ ကယားလက်နက်ကိုင်တွေက ဖောက်ထွင်းခိုးယူမှုတွေ လုပ်ဆောင်တာကြောင့် ဖောက်ထွင်းခိုးယူမှုတွေမလုပ်ကြဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက မေလ ၁၀ ရက်မှာ ထုတ်ပြန်တားမြစ်ခဲ့ပါသေးတယ်။