◾ UWSA “ဝ” စစ်တပ် ဒုတိယစစ်ဦးစီးချုပ်ကိုလည်း ဖမ်းဆီးထားဟု သတင်းထွက်ပေါ်နေသလို မြောက်ပိုင်း ၃ ဖွဲ့တွင်ပါသည့် TNLA နှင့် AA ခေါင်းဆောင်များလည်း ရှောင်တိမ်းနေကြ
၁၈.၁၁.၂၀၂၄
Written By Zun
ကိုးကန့်လက်နက်ကိုင်(MNDAA)ခေါင်းဆောင်ဖုန်တာ့ရွှင်အား တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းဆီးထားပြီဟု သတင်းများ ထွက်ပေါ်နေသည့်အပြင် မြောက်ပိုင်း ၃ ဖွဲ့ ခေါင်းဆောင်အချို့လည်း ရှောင်တိမ်းနေကြကြောင်း MT News က စုံစမ်းသိရှိရသည်။
“အခု ဖုန်တာ့ရွှင်ကို ဖမ်းထားတယ်လို့ ရေးနေကြတဲ့သတင်းက ဟုတ်တယ်လို့ ကျွန်တော်တို့လည်း ကြားပါ တယ်။ ဒါ့အပြင် TNLA နဲ့ AA က ခေါင်းဆောင်တွေလည်း ရှောင်နေကြတယ်လို့ သတင်းရပါတယ်။ ဒါတွေက ဘာကြောင့် ဖြစ်သလဲဆိုရင် မျောက်(မြောက်)သုံးကောင်လို့ ခေါ်တဲ့ သူတို့အဖွဲ့က အရှေ့မြောက် အစပ်မှာ ခမ်း(တောင်ခမ်း)၊ အနောက်တောင်အစပ်(ရခိုင်)မှာ အမ်း ဆိုတဲ့ အသံတွေ ထွက်လာပြီးတဲ့နောက် လားရှိုးကို သိမ်းထားပြီး ထင်တိုင်းကြဲနေတဲ့ ကိုးကန့်တွေကို အခုလို လုပ်ဆောင်တဲ့ သဘောဖြစ်ပါတယ်။ ဒါက အလှည့်အပြောင်းတစ်ခုပါပဲ။မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ ရောက်လာပြီးတဲ့နောက်ပိုင်းမှာ အပြောင်းအလဲတွေ ရှိတယ်။တရုတ်အနေနဲ့ မြန်မာအစိုးရ(နစက)ဘက်မှာ ရပ်မယ်ဆိုတာလည်း ကြေညာထားတယ်။ ဒါတွေက သက်သေဖြစ်ပါတယ်”ဟု ဝါရင့် မြန်မာ့နိုင်ငံရေးလေ့သာသူတစ်ဦးက MT News ကို ပြောသည်။
၁၀၂၇ စစ်ဆင်ရေးတွင် ကိုးကန့်(MNDAA) က လားရှိုးမြို့ကိုသိမ်းယူခဲ့ကာ အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက အကြမ်းဖက်အဖွဲ့ဟု တပ်မတော်က ကြေညာခဲ့ကာ MNDAA အခြေစိုက်ခိုအောင်းရာ လားရှိုးမြို့ကို အကြမ်းဖက်နှိမ်နှင်းမှု လုပ်ဆောင်နေကြောင်း သိရသည်။
ဖုန်တာ့ရွှင်တို့အဖွဲ့ လားရှိုးမှပြန်ဆုတ်ရန် တရုတ်အစိုးရ၏ တောင်းဆိုချက်ကို လက်မခံဘဲ MNDAA နှင့်လက်အောက်ခံတပ်ဖွဲ့များအနေဖြင့် လားရှိုးကို ဆက်လက်သိမ်းပိုက်ထိန်းချုပ်ထားရန် အမိန့်ပေးညွှန်ကြားထားသည့်အတွက် တရုတ်အစိုးရက ဖမ်းဆီးခြင်း ဖြစ်ကြောင်းလည်း ပြောဆိုနေကြသည်။
“နယ်စပ်က တရုတ်အတွက် အရမ်းအရေးကြီးတယ်လေ။အခုလိုမျိုး နယ်စပ်စစ်ပွဲတွေကြောင့် နယ်စပ်ဂိတ်ပေါက် တွေကို ပိတ်ထားရတဲ့အခါကြတော့ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်းမဟုတ် ဆိုတော့ မြန်မာနိုင်ငံနဲ့ တရုတ်ထိစပ်နေတဲ့ နေရာတွေမှာ ကုန်သွယ်မှုတွေ အခက်အခဲ ဖြစ်တယ်။ နှစ်နိုင်ငံအတွက် အခက်အခဲ ဖြစ်နေ တာ။ ဒါကို ရှင်းလင်းရေလုပ်ပါလိမ့်မယ်။ အဓိက ကျတဲ့ လားရှိုးကနေ ဆုတ်ခွာဖို့ပြောပေမဲ့ အထူးသဖြင့် ဖုန်တာ့ရွှင် ဦးဆောင်တဲ့ ကိုးကန့်တွေက လိုက်နာမှုမရှိတာကို တွေ့ရတယ်။ လာမယ့် ဇန်နဝါရီလလောက်ထိကို နယ်စပ်ကို ရှင်းလင်းမယ်လို့ ယူဆရတယ်”ဟု ယင်းက ပြောသည်။
ဖုန်တာ့ရွှင်မှာ MNDAA တည်ထောင်သူ ဖုန်ကြားရှင်၏သားဖြစ်ပြီး ယခုအခါ အသက် ၆၀ ခန့်အရွယ် ရှိနေပြီ ဖြစ်ကြောင်း၊ ပြီးခဲ့သည့်လက တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရန် တရုတ်နိုင်ငံသို့ ဖိတ်ကြားခဲ့ပြီးနောက် ပြန်မလွှတ်တော့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဖုန်တာရွှင်ကို ဖမ်းဆီးထားခြင်းကြောင့် လက်ရှိ နစက အစိုးရအား ဆန့်ကျင်နေသူများအနေဖြင့် “တစ်”က ပြန်စရမည့် အခြေအနေကိုရောက်သွားနိုင်ကြောင်းလည်း လူမှုကွန်ရက် အသုံးပြုသူများက မှတ်ချက်ရေးသားပြောဆိုနေကြသည်။
ထို့အတူ “ဝ”စစ်တပ် UWSA ၏ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သော ပေါက်ကျွင်းဖုန်းကိုလည်း ဖမ်းဆီးထားကြောင်း NUG နှင့် EAOs ထောက်ခံသော မီဒီယာများက ဝိုင်းဝန်းရေးသားနေပြီး မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်နေသည့် မန္တလေး PDF အဖွဲ့မှ စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်ကလည်း ဖုန်တာ့ရွှင်နှင့် ပေါက်ကျွင်းဖုန်း ဖမ်းဆီးခံရခြင်းနှင့် စပ်လျဥ်း၍ တရုတ်နိုင်ငံကို လူကြီးလူကောင်းမဆန်ကြောင်း၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့် ထိပ်တိုက်တွေ့နိုင်ကြောင်း ရေးသားထားသည်။
ပုံစာ။ MNDAA မှ ဖုန်တာ့ရွှင်နှင့် UWSA မှ ပေါက်ကျွင်းဖုန်း (Photo – Credit)