
၁၈.၁၁.၂၀၂၄
Translated by Htwe Ko Tun
ရုရှားနိုင်ငံအတွင်းပိုင်းအထိပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေပစ်လွှတ်တိုက်ခိုက်ဖို့ ယူကရိန်းကို အမေရိကန်သမ္မတဘိုင်ဒန်က ခွင့်ပြုလိုက်တယ်လို့ သတင်းတွေအတည်ပြုထွက်ပေါ်လာအပြီးမှာ ကမ္ဘာကစိုးရိမ်နေရတဲ့တတိယကမ္ဘာစစ်ဖြစ်ပွားလာတော့မလား ထင်နေကြပေမဲ့ ရွေးကောက်ခံသမ္မတထရန့်ကတော့ တတိယကမ္ဘာစစ်ကိုတားဆီးသွားမယ်လို့ X (Twitter)ကတစ်ဆင့် ထုတ်ပြန်ပြောကြားလာပါတယ်။
မကြာခင်တာဝန်သက်တမ်းကုန်ဆုံးတော့မယ့် ဘိုင်ဒန်က တတိယကမ္ဘာစစ် မီးမွှေးမှုအဖြစ် ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေပစ်လွှတ်ခွင့်ပြုရင် ရုရှားကလည်း နျူကလီးယားလက်နက်တွေ သုံးစွဲမယ်လို့ သတိပေးထားချိန်မှာ ဘိုင်ဒန်ရဲ့ လုပ်ရပ်ဟာ တတိယကမ္ဘာစစ်ဖြစ်ဖို့ အစပြုလိုက်တာဖြစ်ပြီး ဘိုင်ဒန့်လက်ထက်ကာလဟာ တတိယကမ္ဘာစစ်ဖြစ်ဖို့ အနီးစပ်ဆုံးလည်းဖြစ်နေတယ်လို့ ထရန့်ကပြောပါတယ်။
“ကျွန်တော်တို့ ဒီနေ့ ဂျိုးဘိုင်ဒန်လက်ထက်မှာထက် တတိယကမ္ဘာစစ်ဖြစ်နိုင်တဲ့ အခြေအနေမျိုးနဲ့ နီးကပ်မှု မဖြစ်ခဲ့ရဘူး။ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတွေအကြား ကမ္ဘာ့ပဋိပက္ခကြီးဖြစ်လာခဲ့ပြီဆိုရင် လူသားတွေသမိုင်းမှာ မကြုံဖူးတဲ့ သေကြေမှုတွေ၊ ပျက်စီးမှုတွေ ဖြစ်ရမှာပဲ။ အဲဒါက သက်ရှိမှန်သမျှ အားလုံးသေကြေပျက်စီးရတဲ့ နျူကလီးယား ကမ္ဘာဖျက်စစ်ပွဲလည်း ဖြစ်လိမ့်မယ်။ ဒီလိုအဖြစ်အပျက်ဆိုးကြီးကိုရှောင်ရှားဖို့ထက် ပိုအရေးကြီးတာမရှိတော့ဘူး။ကျွန်တော်တို့တွေ ဒါကိုရှောင်ရှားဖို့ကြိုးစားကြရမယ်။ ဒါပေမယ့် ဒီအတွက် ကျွန်တော်တို့ ခေါင်းဆောင်မှုအသစ်ကိုလိုလိမ့်မယ်။ နေ့တိုင်းလိုပဲ ယူကရိန်းမြေမှာ ဒီ ယူကရိန်းကို ကိုယ်စားစစ်တိုက်ခိုင်းထားတဲ့ စစ်ပွဲ(Proxy war) က ဖြစ်နေတယ်။ ဒါက ကမ္ဘာစစ်ကြီးဖြစ်လာနိုင်တဲ့အန္တရာယ်ပဲ။ အားလုံးသော ရန်လိုမှုတွေကို ချက်ချင်း ရပ်ဆိုင်းဖို့က ကျွန်တော် ခုချက်ချင်းလုပ်ရမယ့် ဦးတည်ချက်ဆိုတာ ကျွန်တော်တို့တွေ ရှင်းရှင်းလင်းလင်းသိကြရမယ်။ ပစ်ခတ်မှုတွေကိုရပ်ရမယ်။ ဒါက အဓိကကျတဲ့ကိစ္စပဲ။ ငြိမ်းချမ်းရေးကို နောက်ကျမနေဘဲ ကျွန်တော်တို့ လိုအပ်နေတယ်” လို့ ထရန့်ကပြောကြားပါတယ်။
ဒါ့အပြင် မရပ်မနားစစ်ပွဲတွေနဲ့သာ မနားတမ်းရင်ဆိုင်နေရမယ့် ခေတ်သစ်ရှေးရိုးစွဲ အယူဝါဒထူထောင်မှု(Neo con establishment) ကို ကမ္ဘာတစ်ဝန်းပြုလုပ်လာတာကို ဖျက်သိမ်းပစ်နိုင်ဖို့ လုံးဝကတိပြုဆောင်ရွက်ရမှာ ဖြစ်သလို ပြည်ပမှာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ ထွန်းကားဖို့ဆိုပြီးအယောင်ဆောင်စစ်တိုက်နေရတာမျိုး မလိုလားကြောင်းနဲ့ မိခင် အမေရိကန်နိုင်ငံအတွက် အရင်ဆောင်ရွက်ရမယ်၊ အမေရိကန်နိုင်ငံက ပထမဦးစားပေးဖြစ်တယ်လို့လည်း ထရန့်က အထူးတလည်ပြောပါသေးတယ်။ ဒါ့အပြင် ဘိုင်ဒန်တို့လက်သုံးစကားဖြစ်တဲ့ ရုရှားက အကြီးမားဆုံးခြိမ်းခြောက်နေတယ်ဆိုတဲ့ လိမ်ညာမှုကို ဖျောက်ဖျက်ရမယ်လို့လည်း ထရန့်က ဆက်လက်ပြောကြားပါတယ်။
“နောက်ဆုံးအနေနဲ့ကျွန်တော့်အစိုးရလက်ထက်မှာ နေတိုးရဲ့ ရည်ရွယ်ချက်နဲ့ နေတိုးရဲ့တာဝန်တွေကို အခြေခံကျကျ ပြန်လည်ချင့်တွက်မှုပြုချင်းကို စတင်ရမယ်။ ကျွန်တော်တို့ရဲ့နိုင်ငံခြားရေးမူဝါဒက ကမ္ဘာကြီးကို ပဋိပက္ခတွေအပြင်ဘက်ကို နျူကလီးယားလက်နက်ပိုင်တဲ့ ရုရှားနဲ့အတူ ဆွဲထုတ်နိုင်ရမယ်။ ရုရှားက ကျွန်တော်တို့ကိုအကြီးမားဆုံးခြိမ်းခြောက်နေတယ်ဆိုတဲ့လိမ်ညာမှုကို ဖျောက်ပစ်ရမယ်။ အမေရိကန်နိုင်ငံရဲ့နယ်စပ်တွေကို ချိုးဖောက်ခံနေရတယ်။ ကျွန်တော်တို့နိုင်ငံမြို့ကြီးတွေကို မစောင့်ရှောက်နိုင်ဘူး၊ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေတယ်။ ကျွန်တော်တို့နိုင်ငံကို တရုတ်နိုင်ငံအပေါ် လုံးဝမှီခိုနေရပြီး ဒီပြင် နိုင်ငံတွေက အမေရိကန်ကိုမုန်းတီးအောင်လုပ်တာတွေရှိနေတယ်။ ဒါတွေအားလုံးကို ကျွန်တော်တို့ ပြုပြင်ဆောင်ရွက်ရမယ်။ ဒီလိုဖြစ်အောင်လုပ်နေတဲ့ ကမ္ဘာကြီးက ရွာကြီးတစ်ရွာပဲ အယူအဆကို လက်ခံသူတွေက အမေရိကန်ရဲ့အင်အား၊ သွေးနဲ့ ရတနာတွေကို ဖြုန်းတီးပစ်နေသလိုပဲ။ ကျွန်တော်တို့ကို ကသောင်းကနင်း အာရုံထွေပြားအောင်လုပ်နေကြတယ်။ ဒီလိုလုပ်တာတွေက ထင်ထားကြသလို ရုရှားနဲ့တရုတ်ကိုထိခိုက်ဖို့ ထက် အမေရိကန်နိုင်ငံကို ပိုလို့ထိခိုက်စေတယ်။ အမေရိကန်ရဲ့ နောက်သမ္မတအတွက် လာဘ်စားမှုကို ဥပဒေအရ နိုင်ငံကနှင်ထုတ်နိုင်ဖို့ကလည်း ကြီးလေးတဲ့တာဝန်ကြီးပဲ။ ဒါတွေကိုလုပ်နိုင်ဖို့ဆိုတာလည်း ကျွန်တော်တစ်ယောက်ပဲရှိတယ်။ ကျွန်တော်ကတော့ ဘယ်ကစပြီးတော့ လုပ်ရမလဲဆိုတာ ကောင်းကောင်းသိနေတယ်”လို့ ထရန့်က ထပ်ဆင့်ပြောကြားပါတယ်။