၁၈. ၁၁. ၂၀၂၄
Written by Thettant
ကျောက်မဲမြို့နယ် နမ့်ဟူးရွာအနီး ယာတောတွင် ပြောင်းချိုးသွားသူ သားအမိနှစ်ဦးကို နှစ်လောင်းပြိုင် ဓားဖြင့်ခုတ်သတ်မှု နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် ကျောက်မဲမြို့နယ်၊ နမ့်ဟူးကျေးရွာအနီး ယာတောတွင် နမ့်ဟူးရွာနေ နန်မိုခမ်း အသက်(၂၃)နှစ်နှင့် အမေဖြစ်သူ ဒေါ်နန်းခမ်းရွှေ အသက်(၄၅)နှစ် တို့ အမေနှင့် သမီးဖြစ်သူမှာ ဓားခုတ်ခံရသော ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း အသင်းသို့ အကူအညီတောင်းခံသဖြင့် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း မှ လူနာတင်ယာဥ် ၃ စီး သွားရောက်၍ Dead Body များအားသယ်ဆောင်ပြီး နောင်ပိန်တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်အား ရွာခံများပြောပြချက်အရ သမီးဖြစ်သူမှ ယာတောသို့ တစ်ဦးတည်း ပြောင်းချိုး အရင်သွားခဲ့ပြီး အမေဖြစ်သူမှာ ၁ နာရီခန့်ခြား၍ ထမင်းချက်ပြုတ်ကာ ထမင်းချိုင့်ဖြင့် နောက်မှ လိုက်သွားခဲ့ကြောင်း သိရသည်။ အဖေဖြစ်သူမှာ နံနက် ၁၁ နာရီခန့်တွင် ယာတောသို့ လိုက်သွားစဥ် ယာတောအတွင်း သမီးဖြစ်သူနှင့် ဇနီး တို့မှာ ဓားခုတ်ခံရသော ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းတွေ့ရှိရသဖြင့် သက်ဆိုင်ရာ ကျေးရွာ လူကြီးအား အကြောင်းကြားခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဥ်တွင် ကျုးလွန်သူ လူသတ်သမားအား ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်း သိရသည်။